ထိုင်းမှာ မော်တော်ယာဥ် ထုတ်လုပ်တဲ့ အများဆုံးပမာဏကို Honda က ထက်ဝက် လျှော့ချမယ်

ဂျပန်မော်တော်ကားကုမ္ပဏီ Honda Motor ဟာ ထိုင်းနိုင်ငံက သူ့ရဲ့ ထုတ်လုပ်မှုပမာဏကို ၅၀ ရာခိုင်နှုန်းကျော် လျှော့ချဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

တရုတ်ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုကြောင့် ဂျပန်ကားကုမ္ပဏီက သူတို့ရဲ့ နည်းဗျူဟာတွေကို ပြန်လည်ချိန်ညှိနေရတဲ့အကြား အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

Honda ဟာ ထိုင်းမှာ မော်တော်ကားတပ်ဆင်တဲ့ စက်ရုံ နှစ်ရုံ ထားရှိထားပါတယ်။ Prachinburi မှာ ရှိတဲ့ စက်ရုံဟာ လာမယ့်နှစ် ကုန်ပြီးနောက်ပိုင်း ကားတွေကို ဆက်လက် ထုတ်လုပ်မှာ ဖြစ်တယ်လို့ Honda က ပြောပါတယ်။

ဒါပေမဲ့ Ayutthaya မှာ ရှိတဲ့ စက်ရုံကတော့ တပ်ဆင်မှုလုပ်ငန်းတွေကို ၂၀၂၅ ခုနှစ်မကုန်ခင်မှာ ရပ်နားမှာ ဖြစ်ပြီး အဲဒီနောက် အစိတ်အပိုင်းပစ္စည်းတွေကိုသာ ထုတ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို လုပ်ဆောင်ခြင်းဟာ Honda ရဲ့ ထိုင်းက ထုတ်လုပ်မှုပမာဏကို တစ်နှစ်ကို ယာဉ်အစီးရေ ၂၇၀,၀၀၀ ကနေ ၁၂၀,၀၀၀ အထိ လျှော့ချရာ ရောက်ပါတယ်။

Honda အကြီးအကဲတွေက ရောင်းလားပြန်တက်လာဖို့ မမျှော်လင့်နိုင်ဘူးလို့ ရှုမြင်ကြောင်း ပြောပါတယ်။

Honda ဟာ ထိုင်းမှာ ၁၉၉၂ ခုနှစ်က စပြီး မော်တော်ကားထုတ်လုပ်လာခဲ့ပါတယ်။ နှစ်စဉ် ထုတ်လုပ်တဲ့ ပမာဏဟာ ၂၀၁၃ ခုနှစ်မှာ အမြင့်ဆုံးအနေအထားကို ရောက်ရှိခဲ့ပြီး အစီးရေ ၂၇၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာတော့ အစီးရေ ၁၄၀,၀၀၀ လောက်အထိ ကျသွားခဲ့ပါတယ်။

ထိုင်းမှာ ရောင်းချတဲ့ ကားအရေအတွက်ထဲမှာ ဂျပန်ကားတွေဟာ ၈၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ဒါပေမဲ့ လျှပ်စစ်မော်တော်ယာဉ် အဓိက ထုတ်လုပ်တဲ့ BYD လို တရုတ်ကုမ္ပဏီတွေက ထိုင်းမှာ ပိုပြီး နေရာရလာနေပြီး ဂျပန်ကားကုမ္ပဏီတွေရဲ့ ဈေးကွက်ကိုပါ လွှမ်းမိုးလာနေပါတယ်။