ခွဲစိတ်ပြုပြင်မှုမပါတဲ့ လိင်ပြောင်းလဲမှုကို ဂျပန်အထက်တရားရုံး အတည်ပြုခဲ့

ဂျပန်က အထက်တရားရုံးတစ်ရုံးဟာ ခွဲစိတ်ပြုပြင်မှုမလုပ်ထားတဲ့ လိင်ပြောင်းသူရဲ့ တရားဝင်လိင်ပြောင်းလဲခွင့်တောင်းဆိုချက်ကို အတည်ပြုခဲ့ပါတယ်။

ခန္ဓာကိုယ်ဖြစ်တည်မှုနဲ့ လိင်ပိုင်းဆိုင်ရာခံယူမှု ကွဲပြားနေပြီး အမျိုးသမီး တစ်ဦးအဖြစ် ခံယူနေထိုင်နေတဲ့ အမျိုးသားတစ်ဦးအတွက် အထက်တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ အဲဒီအမှုနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ကျားမပြောင်းလဲလိုသူတွေဟာ မျိုးမပွားနိုင်အောင်နဲ့ သူတို့ရဲ့လိင်အင်္ဂါတွေကို ဆန့်ကျင်ဘက်လိင်ရဲ့လိင်အင်္ဂါတွေအတိုင်း ‌ပြုပြင်ဖို့အတွက် ခွဲစိတ်မှုခံယူဖို့ လိုအပ်တယ်လို့ ဂျပန်ဥပဒေက လက်တွေ့အားဖြင့် သတ်မှတ်ထားပါတယ်။

အဲဒီသူရဲ့ အသနားခံစာတွေကို တုံ့ပြန်တဲ့အနေနဲ့ မျိုးပွားအင်္ဂါတွေကို ဖယ်ရှားတဲ့ခွဲစိတ်ဖို့ လိုအပ်ချက်ဟာ ကိုယ်ခန္ဓာ ထိခိုက်မှုမခံရဖို့အခွင့်အရေးကို ချိုးဖောက်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘူးလို့ အောက်တိုဘာလမှာ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

ခွဲစိတ်မှုနဲ့ပတ်သက်ပြီး ပြန်လည်စစ်ဆေးဖို့ အမိန့်ထုတ်ခဲ့ပြီး အဲဒီအမှုကိုအထက်တရားရုံးမှာ ဆက်လက်ကြားနာခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ချက်ချမှတ်ရာမှာ အထက်တရားရုံးက အဲဒီသတ်မှတ်ချက်ဟာ ခွဲစိတ်မှုခံယူပြီး ကိုယ်ခန္ဓာမထိခိုက်စေဖို့ဆိုတဲ့ အခွင့်အရေးကို စွန့်လွှတ်လိုက်တာနဲ့ တစ်စုံတစ်ဦးရဲ့ ကျားမခံယူမှုကို တရားဝင် အသိအမှတ်ပြုမှုခံယူခွင့်ကို စွန့်လွှတ်တာအကြား အတင်းအကျပ် ရွေးချယ်မှုတစ်ခုကို ပြုစေတာကြောင့် အလွန်ကြီးမားတဲ့ ကန့်သတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ခွဲစိတ်မှုမပြုလုပ်ရသေးတဲ့တိုင်အောင် လူတစ်ဦးတစ်ယောက်ဟာ တခြား သူ ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်နဲ့တူတယ်လို့ ထင်ရသရွေ့ သတ်မှတ်ချက်နဲ့ ပြည့်မီတယ်လို့အဓိပ္ပာယ်ဖွင့်ဆိုတာဟာ ကျိုးကြောင်းဆီလျော်တယ်လို့လည်း တရားရုံးက ဆိုပါတယ်။