Kyiv မှာ ရှိတဲ့ ကလေးဆေးရုံ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီးနောက် UNSC က အရေးပေါ်အစည်းအဝေး ပြုလုပ်

ယူကရိန်းနိုင်ငံတစ်ဝန်း အခုနောက်ဆုံး ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

တနင်္လာနေ့က တိုက်ခိုက်မှုတစ်ခုကြောင့် Kyiv က ကလေးဆေးရုံတစ်ခုဟာ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။

ပြင်သစ်နဲ့ တခြားနိုင်ငံတွေရဲ့ တောင်းဆိုမှုနဲ့ အဲဒီအစည်းအဝေးကို အင်္ဂါနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ရုရှားဟာ လုံခြုံရေးကောင်စီရဲ့ အခုလအတွက် အလှည့်ကျတာဝန်ထမ်းဆောင်တဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

အစည်းအဝေးကို အဲဒီဆေးရုံရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Volodymyr Zhovnir ရဲ့ အွန်လိုင်းအစီရင်ခံစာနဲ့ စတင်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ ဆေးကုသမှု လိုအပ်တဲ့ ယူကရိန်းကလေးငယ်တွေအပေါ် ရေရှည်မှာဆိုးဝါးတဲ့ ဂယက်ရိုက်မှုတွေ ရှိလာစေမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆေးရုံ၊ ကျောင်းနဲ့ တခြားပုဂ္ဂလိကအဆောက်အအုံတွေအပေါ် တိုက်ခိုက်တာဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အမေရိကန်နဲ့ ဥရောပအပါအဝင် နိုင်ငံ့ကိုယ်စားလှယ်တွေက ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield က "ဒီလို စကားတွေကို ပါးစပ်ကနေ ပြောရုံနဲ့တောင် ကျောချမ်းရပါတယ်။ ရုရှားဟာ နေ့ခင်းကြောင်တောင်မှာ ကလေးဆေးရုံကို တိုက်ခိုက်ပြီး ကလေးငယ်တွေကို အသက်ဆုံးရှုံးစေခဲ့ပါတယ်၊ ဒဏ်ရာရစေခဲ့ပါတယ်" လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် Vasily Nebenzia က သူ့နိုင်ငံဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီကလေးဆေးရုံ ပျက်စီးခဲ့ရတာဟာ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးဒုံးကျည်က လမ်းကြောင်းလွဲသွားတာကြောင့် ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။