ဂျပန်မှာ ဆက်လက်ပူနေဆဲ

ဗုဒ္ဓဟူးနေ့အထိ ပြင်းထန်တဲ့အပူချိန် ဆက်လက်မြင့်တက်မယ်လို့ ခန့်မှန်းထားတဲ့အတွက်ဂျပန်မိုးလေဝသအေဂျင်စီနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနတို့ဟာ ချိဘာ့ခရိုင်ကနေ အိုကီနာဝါအထိ ခရိုင်တချို့မှာ အပူလျှပ်မှု သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ကန်တိုဒေသကနေ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းအထိ ပစိဖိတ်ကမ်းရိုးတန်းဒေသတွေမှာ အင်္ဂါနေ့မှာ အပူချိန်မြင့်တက်ခဲ့တယ်လို့ မိုးလေဝသအရာရှိတွေက ပြောပါတယ်။

အင်္ဂါနေ့မှာ နေ့ဘက်အပူချိန်ဟာ မီယာ့ဇာကိခရိုင် Hyuga မြို့မှာ ၃၈.၅ ဒီဂရီဆဲလ်စီးယပ်စ်၊ အီဘားရားကိခရိုင် Tsuchiura မြို့မှာ ၃၇.၅ ဒီဂရီ၊ အိုးအိတာ့ခရိုင် Nakatsu မြို့မှာ ၃၇.၀ ဒီဂရီ၊ တိုကျိုမြို့လယ်မှာ ၃၄.၅ ဒီဂရီ ရှိခဲ့ပါတယ်။

ခြစ်ခြစ်တောက်ပူပြင်းတဲ့အပူရှိန်က အပူလျှပ်မှုဒဏ်ခံရနိုင်တဲ့အန္တရာယ်ကို မြင့်တက်စေပါတယ်။ မကြာသေးတဲ့ရက်ပိုင်းအတွင်း လူတချို့ဟာ အဲဒီလက္ခဏာတွေနဲ့ သေဆုံးခဲ့ကြပါတယ်။

Japanese Association for Acute Medicine အဖွဲ့က ပြည်သူတွေကို သတိထားကြဖို့ တိုက်တွန်းနေပါတယ်။

လေအေးပေးစက်ကိုသုံးဖို့၊ ရေသောက်ဖို့နဲ့ ခန္ဓာကိုယ်တွင်း ဆားဓာတ်ပမာဏကို ပြန်လည်ဖြည့်တင်းဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းနေပါတယ်။

အထူးသဖြင့် ထိခိုက်လွယ်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အထူးဂရုစိုက်ကြဖို့ မိသားစုတွေကိုလည်း အကြံပြုထားပါတယ်။