ဘေးအန္တရာယ်ဖြစ်ပြီးနောက် သင်္ဘောတွေဆီ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်မယ့် စနစ်ကို ဂျပန် စတင်ဖို့ ရည်မှန်း

ကြီးမားတဲ့ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့ အနေအထားမှာ ပင်လယ်ရေပြင်ပေါ်က သင်္ဘောတွေကို ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးပို့နိုင်မယ့် စနစ်ကို ဂျပန်အစိုးရက စတင်ဖို့ ရည်မှန်းထားပါတယ်။

အဲဒီလို အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်ထားဖို့ ဂျပန်ရဲ့ ပထဝီအနေအထားနဲ့ ဂျပန်ကို ပင်လယ်ရေတွေက ဝန်းရံထားတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားပြီး အစီအမံတွေ ကြိုတင်ပြင်ဆင်ထားရမယ်လို့ အစိုးရက မှတ်ချက်ပြုခဲ့ပါတယ်။

အင်္ဂါနေ့မှာ ပြုလုပ်တဲ့ ပထမဆုံးအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ် Kishida Fumio က အခုနှစ်မကုန်မီ အသေးစိတ်အစီအစဉ်ရဲ့ မူကြမ်းကို ပြုစုဖို့ သက်ဆိုင်ရာဝန်ကြီးတွေကို ညွှန်ကြားခဲ့ပါတယ်။

Noto ကျွန်းဆွယ်မှာ ဇန်နဝါရီလ ၁ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ထောက်ပံ့ရေးပစ္စည်းတွေကို ပို့ဆောင်ဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ယာယီလက်ခံဖို့အတွက် ရေယာဉ်တွေ အသုံးပြုခဲ့တယ်လို့ သူက ပြောပါတယ်။ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်ရာမှာ ရေယာဉ်တွေကို အသုံးပြုနိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမယ်လို့ သူက ဆိုပါတယ်။

အစိုးရဟာ ပုဂ္ဂလိကကဏ္ဍက ကားတင်ဆောင်တဲ့ သင်္ဘောတွေကို အသုံးပြုဖို့ ထည့်သွင်းစဉ်းစားပြီး အဲဒီစနစ်ကို လာမယ့် ဧပြီလမှာ စတင်မယ့် ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ စတင်ဖို့ ရည်မှန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကနေ ရခဲ့တဲ့ သင်ခန်းစာတွေကို ထည့်သွင်းစဉ်းစားပြီး ကူးစက်ရောဂါဖြစ်ပွားခဲ့ရင် ရေယာဉ်တွေကို အသုံးပြုနိုင်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ဖွယ် ရှိပါတယ်။