ဂျပန်မှာ မေလအတွက် စာရင်းရှင်ပိုငွေပြမှုတန်ဖိုး စံချိန်တင် မြင့်မားခဲ့

မေလတုန်းက ဂျပန်ရဲ့ စာရင်းရှင်ပိုငွေပြမှုတန်ဖိုးဟာ မေလတစ်လစာအတွက် စံချိန်တင် မြင့်မားခဲ့တယ်လို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံခြားက အတိုးနှုန်း မြင့်တက်လာမှုနဲ့ ယန်းငွေတန်ဖိုး ကျဆင်းမှုတို့ကြောင့် နိုင်ငံခြားငွေချေးစာချုပ်တွေကနေ ရရှိတဲ့ ဝင်ငွေ တိုးများလာတဲ့အကြား အခုလို စာရင်းရှင်ပိုငွေပြမှုတန်ဖိုး မြင့်မားလာခဲ့တာ ဖြစ်ပါတယ်။

စာရင်းရှင်ပိုငွေပြမှုတန်ဖိုးဟာ ယန်းငွေ ၂.၈၅ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၇.၇ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါဟာ နှစ်အလိုက် ကြည့်ရင် ၄၁ ရာခိုင်နှုန်းကျော် တိုးလာခဲ့တာ ဖြစ်ပြီး နှိုင်းယှဉ်လို့ ရတဲ့ အချက်အလက်တွေ စရှိလာခဲ့တဲ့ ၁၉၈၅ ခုနှစ်နောက်ပိုင်း မေလအတွက် အများဆုံး တန်ဖိုး ဖြစ်ပါတယ်။ ၁၆ လ ဆက်တိုက် စာရင်းရှင်ပိုငွေပြခြင်းလည်း ဖြစ်ပါတယ်။

အဓိကဝင်ငွေရဲ့ ပိုငွေပြမှုဟာ ဒေါ်လာ ၂၆ ဘီလီယံ ရှိပြီး ဒါဟာ လအလိုက် ကြည့်ရင် အများဆုံး တန်ဖိုးဖြစ်ပါတယ်။

အဲဒီအထဲမှာ ဂျပန်စီးပွားရေးလုပ်ငန်းတွေက နိုင်ငံခြားရှိ ကုမ္ပဏီတွေဆီကနေ ရရှိတဲ့ အစုရှယ်ယာဝင်ငွေနဲ့ ငွေချေးစာချုပ်အတိုးနှုန်းက ရရှိတဲ့ ဝင်ငွေတွေ ပါဝင်ပါတယ်။

ကုန်သွယ်ရေးလိုငွေပြမှုတန်ဖိုးဟာ ဒေါ်လာ ၆.၉ ဘီလီယံ ရှိပြီး ဒါဟာ မော်တော်ကားနဲ့တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်တဲ့ ကိရိယာတွေကို အခိုင်အမာ တင်ပို့နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဝန်ဆောင်မှုနယ်ပယ်မှာတော့ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပိုငွေပြခဲ့ပြီး ဒေါ်လာ ၁၄ သန်း ရှိခဲ့ပါတယ်။

ဒါဟာ ဂျပန်ကို လာရောက်တဲ့ ခရီးသွားဧည့်သည်တွေ တိုးများလာပြီး ခရီးသွားလုပ်ငန်းရဲ့ ပိုငွေပြမှုတန်ဖိုး တိုးလာတာကြောင့် ဖြစ်ပါတယ်။