ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူ ၃၇ ဦး သေဆုံးပြီး Kyiv ကလေးဆေးရုံ ထိမှန်ခဲ့

ယူကရိန်းနိုင်ငံတစ်ဝှမ်းမှာ ရုရှားစစ်တပ်က ကြီးမားတဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် လူ ၃၇ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအထဲ Kyiv မှာရှိတဲ့ ကလေးဆေးရုံတစ်ရုံလည်း အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။

တနင်္လာနေ့မှာ မြို့တော် Kyiv နဲ့ အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ Dnipropetrovsk နဲ့ Donetsk တို့ အပါအဝင် ဧရိယာအများအပြားဟာ အပြင်းအထန် တိုက်ခိုက်ခံခဲ့ရပါတယ်။

Kyiv မှာဆိုရင် မြို့လယ်ရပ်ကွက် ၇ ခုက လူနေတိုက်ခန်းအဆောက်အအုံတွေနဲ့ တခြားအဆောက်အအုံတွေ ဒုံးကျည်ထိမှန်ခဲ့ပါတယ်။ လူ ၂၂ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Kyiv ရှိ Okhmatdyt ကလေးဆေးရုံလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ ယူကရိန်းရဲ့ နိုင်ငံ့ အရေးပေါ်ဌာနက အဲဒီတိုက်ခိုက်မှုမှာ လူ ၂ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဆေးရုံ ခရုဇ်ဒုံးကျည် ထိမှန်ခံခဲ့ရတဲ့အတွက် ယူကရိန်းလုံခြုံရေးအာဏာပိုင်တွေက ရုရှားကို အပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း စစ်ဘက်ဆိုင်ရာစက်ရုံတွေနဲ့ လေတပ်စခန်းတွေကို ပစ်မှတ်ကိုအတိအကျထိမှန်တဲ့ တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ဒါဟာ ရုရှားနိုင်ငံတွင်းရှိ စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှုတွေကို လက်တုံ့ပြန်တာဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြခဲ့ပါတယ်။