အင်္ဂါနေ့မှာ အပူလွန်ကဲမှု ဆက်လက်ဖြစ်ပေါ်မယ်

အင်္ဂါနေ့မှာ အလွန်ပူပြင်းတဲ့ရာသီဥတု ဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် အပူလျှပ်မှုနဲ့ ပတ်သက်ပြီး ဂျပန်မိုးလေဝသတာဝန်ရှိသူတွေက သတိပေးနေပါတယ်။

ဂျပန်အနောက်ပိုင်းနဲ့ အရှေ့ပိုင်းက ကျယ်ပြန့်တဲ့ဧရိယာမှာ လေဖိအားမြင့်ရပ်ဝန်းဆက်လက်ဖုံးလွှမ်းနေတဲ့အတွက် တချို့နေရာတွေမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်နီးပါးအထိ မြင့်တက်လာနေတယ်လို့ မိုးလေဝသအေဂျင်စီက ပြောပါတယ်။

တနင်္လာနေ့ရဲ့ နေ့ဘက်အပူချိန်ဟာ Wakayama ခရိုင် Shingu မြို့မှာ ၃၉.၆ ဒီဂရီ၊ Tokyo ရဲ့ Fuchu မြို့မှာ ၃၉.၂ ဒီဂရီနဲ့ Mie ခရိုင် Kuwana မြို့မှာ ၃၈.၉ ဒီဂရီအထိ မြင့်တက်ခဲ့ပါတယ်။

မိုလေဝသအေဂျင်စီနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနတို့က တိုကျိုအပါအဝင် ကန်တိုဒေသကနေ အိုကီနာဝါအထိ ခရိုင် ၂၄ ခုအတွက် အပူလျှပ်မှုသတိပေးချက် ထုတ်ပြန်ထားပါတယ်။

မနက်ဖြန်အတွက် အလားတူသတိပေးချက်ကိုလည်း ခရိုင် ၁၁ ခုမှာ ထုတ်ပြန်ထားပါတယ်။

လေအေးပေးစက်တွေကို သင့်လျော်စွာ အသုံးပြုဖို့၊ မလိုအပ်ဘဲ အပြင်ထွက်တာကို ရှောင်ကြဉ်ဖို့ ခန္ဓာကိုယ်တွင်းရေဓာတ်ကို ဖြည့်တင်းထားဖို့ တိုက်တွန်းထားပါတယ်။

အခုနွေရာသီမှာ အပူလျှပ်မှုကြောင့်လို့ ယူဆရတာကြောင့် အသက်ကြီးသူအများအပြားသေဆုံးခဲ့ပါတယ်။

အပူလျှပ်မှုဒဏ်ကို ခံနိုင်ရည်နည်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို အထူးဂရုစိုက်ဖို့ မိသားစုတွေကို အကြံပြုထားပါတယ်။