ဂျပန်နိုင်ငံရဲ့ ငွေစက္ကူအသစ်မှာ သုံးစွဲတဲ့ပစ္စည်းက နီပေါနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူပေးနေ

ဂျပန်နိုင်ငံမှာ ဇူလိုင် ၃ ရက်နေ့က ထုတ်ဝေလိုက်တဲ့ငွေစက္ကူအသစ်တွေ ထုတ်လုပ်ရာမှာ ဂျပန်ကနေ ကီလိုမီတာ ၅,၀၀၀ လောက် ကွာဝေးတဲ့ နီပေါနိုင်ငံက ပစ္စည်းကို အသုံးပြုထားပါတယ်။

Mitsumata လို့ခေါ်တဲ့ oriental paperbush အပင်တွေကို ဂျပန်ပြည်တွင်းမှာပဲ ၀ယ်ယူလေ့ရှိခဲ့ပေမဲ့ လူမှုအဖွဲ့အစည်းမှာ အသက်အရွယ်ကြီးရင့်သူတွေ များလာတာကြောင့်ရော ဒီအပင်တွေ ရရှိဖို့ ခက်ခဲလာတာကြောင့်ပါ ထုတ်လုပ်မှုတွေ ကျဆင်းနေပါတယ်။

နီပေါနိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူ မြို့ပြင်က ဂိုဒေါင်တစ်ခုမှာ ဒေသခံ အလုပ်သမားတွေက ဒီပစ္စည်းကို ဂျပန်ကို မတင်ပို့ခင်မှာ တစ်ခုချင်း မှိုတွေ ဖုန်အမှုန်တွေကို ဂရုတစိုက် ဖယ်ရှာခဲ့ကြပါတယ်။

ခိုင်ခံ့ပေမဲ့ ပျော့ပြောင်းမှုရှိတဲ့ အမျှင်တွေနဲ့ ထူးခြားတဲ တောင်ပြောင်မှုတွေ ရှိတာကြောင့် ဂျပန်နိုင်ငံမှာ ၁၈၀၀ ခုနှစ်ပိုင်းတွေကစပြီး mitsumata ကို ငွေစက္ကူတွေအတွက် အသုံးပြုလာခဲ့ပါတယ်။

ဒီအပင်ဟာ နီပေါနိုင်ငံမှာ သဘာဝအတိုင်း ပေါက်ရောက်ပါတယ်။ အစိုးရရဲ့ ပုံနှိပ်ထုတ်ဝေမှုတွေနဲ့ပတ်သက်နေတဲ့ ဂျပန်ကုမ္ပဏီတစ်ခုက နီပေါမှာ ဒီပစ္စည်းထုတ်လုပ်မှုတွေ တိုးချဲ့ပြီး တင်ပို့နိုင်အောင် ကြိုးပမ်းမှုတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

ကုမ္ပဏီ ဥက္ကဋ္ဌ Matsubara Tadashi က ကန်ထရိုက်ယူ စိုက်ပျိုးသူတွေကို သင်ကြားပေးဖို့ နီပေါကို ဆယ်စုနှစ်တစ်ခုကျော်အတွင်း အကြိမ် ၃၀ ကျော် သွားခဲ့ပါတယ်။

mitsumata စိုက်ပျိုးမှုဟာ ကနဦးမှာ တောင်တန်းဒေသမှာ နေထိုင်သူတွေအတွက် ငွေသားဝင်ငွေရရှိစေပြီး ဆင်းရဲမွဲတေမှုကို လျှော့ချပေးဖို့ အထောက်အကူ ပြုခဲ့ပါတယ်။

မစ္စတာ Matsubara က ဒါကို နီပေါမှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံချက်တစ်ရပ်အဖြစ် သူ ပထမဆုံး စတင်ခဲ့တယ်လို့ ပြောပါတယ်။

နီပေါကနေ mitsumata တင်သွင်းမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက တန်ချိန် ၃၀ လောက် ရှိခဲ့ပေမဲ့ အခုအခါမှာ တန်ချိန် ၁၀၀ အထိ တိုးလာခဲ့ပါတယ်။ နီပေါနိုင်ငံတစ်ဝန်း ဧရိယာအသီးသီးက လူ ၁,၀၀၀ ကျော် ဒီထုတ်လုပ်မှုမှာ ပါဝင်နေကြပါတယ်။

မစ္စတာ Matsubara က အခုအခါ နီပေါပြည်သူတွေက ထုတ်လုပ်တဲ့ mitsumata တွေက ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ပံ့ပိုးပေးတဲ့ နည်းလမ်းတစ်ခုဖြစ်လာနေပြီး ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ ငွေစက္ကူအသစ်တွေကို မမြင်ဖူးတဲ့ နီပေါလူမျိုးတွေကို ကွန်ပျူတာတစ်လုံးကိုသုံးပြီး NHK က ထုတ်လွှင့်တဲ့ သတင်းကို ပြသတဲ့အခါမှာ သူတို့က အထူးစိတ်ဝင်စားခဲ့ကြပါတယ်။

အပြီးသတ်လုပ်ငန်းစဉ်ဆိုင်ရာ နီပေါလူမျိုး တာဝန်ခံတစ်ဦးက အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့ပြီး ငွေစက္ကူတွေကို လက်တွေ့မြင်ရတဲ့အတွက် အံ့အားသင့် ဝမ်းမြောက်ခဲ့ရတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ဒီငွေစက္ကူတွေကို ထိတွေ့ကြည့်ချင်ပြီး သိမ်းထားချင်တယ်လို့ ပြောပါတယ်။