ဟန်ဂေရီဝန်ကြီးချုပ် တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ဟာ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးဖို့ တနင်္လာနေ့မှာ တရုတ်နိုင်ငံကို လာရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်တွေဟာ နှစ်ဘက်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ပြောဆိုဖို့ တွေ့ဆုံကြမှာဖြစ်တယ်လို့ ဒီဝန်ကြီးဌာနက ဆိုပါတယ်။

မစ္စတာ Orban က သူ့ရဲ့ လူမှုကွန်ရက်မီဒီယာအကောင့်မှာ တနင်္လာနေ့မနက်ပိုင်းက လေယာဉ်တစ်စင်းရှေ့မှာ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်တယ်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးနဲ့ စကားပြောဆိုနေတဲ့ ဓာတ်ပုံကို #Beijing လို့ အမှတ်အသားပြုပြီး တင်ခဲ့ပါတယ်။

မစ္စတာ Orban ဟာ ရုရှားလိုလားတဲ့ ရပ်တည်ချက်ကြောင့် လူသိများပါတယ်။ သူဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က Kyiv မြို့မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံခဲ့ပြီး သောကြာနေ့မှာတော့ မော်စကိုမှာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင်လကစပြီး ဟန်ဂေရီဟာ ဥရောပသမဂ္ဂရဲ့ အလှည့်ကျဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူခဲ့ပါတယ်။

မစ္စတာ Orban က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုရှားခရီးစဉ်ဟာ ယူကရိန်းအစိုးရနဲ့ သဘောတူညီမှု ဒါမှမဟုတ် ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲ ဟန်ဂေရီဘက်က ဆုံးဖြတ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းအစိုးရက ဆိုပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို ရုရှားရောတရုတ်ပါ မတက်ရောက်ခဲ့ပါဘူး။ ယူကရိန်းနဲ့ ဆက်ဆံရေးမှာ တရုတ်က သူ့ရဲ့ကိုယ်ပိုင်ရပ်တည်ချက်ကို ကိုင်စွဲသွားမယ်လို့ တရုတ်အစိုးရက အရိပ်အမြွက်ပြောကြားထားပါတယ်။

သူတို့ရဲ့တွေ့ဆုံမှုမှာ ယူကရိန်းနဲ့ပတ်သက်ပြီး မစ္စတာ Orban နဲ့ မစ္စတာ Xi တို့ ဘာတွေပြောမလဲဆိုတာ လေ့လာသူတွေက အာရုံစိုက်ဖွယ်ရှိပါတယ်။