လက်ရှိတိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko တတိယသက်တမ်းအတွက် အနိုင်ရ

တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko ဟာ တနင်္ဂနွေနေ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး တတိယမြောက်သက်တမ်းကို ဆက်လက်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

မီးစ် Koike က သူ့ကို ထောက်ခံသူတွေကို ပြောကြားတဲ့မိန့်ခွန်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ကလေးမွေးဖွားနှုန်း နိမ့်ကျနေတာလိုမျိုး တိုကျိုမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထောက်ပြပြောဆိုခဲ့ပါတယ်။ ကလေးပြုစုစောင့်ရှောက်မှုကုန်ကျစရိတ်အခမဲ့ဖြစ်ရေးကို ချဲ့ထွင်ပြီး ကလေးမွေးဖွားနှုန်းနိမ့်ကျနေတဲ့ကိစ္စကို အရေးယူဆောင်ရွက်ရေးအတွက် ကတိပြုပြောကြားခဲ့ပါတယ်။

မီးစ် Koike က "ကျွန်မတို့ရဲ့ စိန်ခေါ်မှုကတော့ လုပ်ငန်းနယ်ပယ်တွေ သိသိသာသာ ပြောင်းလဲလာနေခဲ့တဲ့အတွက် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနဲ့အတူ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ဖြစ်ပါတယ်၊ ဒါ့အပြင် အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်တဲ့ ပတ်ဝန်းကျင်အနေအထားဟာ ကမ္ဘာပေါ်က တခြားနေရာတွေနဲ့ ယှဉ်ရင် လုံလောက်မှုမရှိသေးပါဘူး၊ တိုကျို ဆက်လက်တိုးတက်ဖို့အတွက် ကျွန်မတို့ရဲ့ ကြိုးပမ်းလုပ်ဆောင်မှုကို မြှင့်တင်ရမယ်" လို့ ပြောပါတယ်။

မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ မီးစ် Koike က အုပ်ချုပ်ရေးမှူးရာထူးမှာ သက်တမ်းနှစ်ကြိမ်ထမ်းဆောင်မှုကာလအတွင်း အောင်မြင်မှုတွေကို အလေးပေးပြောကြားခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ် မီးစ် Koike ဟာ ဂျပန်နိုင်ငံရဲ့ အထက် နဲ့ အောက်လွှတ်တော်နှစ်ရပ်စလုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ကာကွယ်ရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ တိုကျိုရဲ့ ပထမဆုံး အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။

မီးစ် Koike ဟာ ရွေးကောက်ပွဲမှာ စံချိန်တင်များပြားခဲ့တဲ့ပြိုင်ဘက် ၅၅ ဦးကို ကျော်ဖြတ်ပြီး မဲ ၃ သန်းနီးပါး ရရှိခဲ့ပါတယ်။ သူ့ကို လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)၊ ခိုးမေးတိုပါတီ နဲ့ တခြားပါတီတချို့က ကျောထောက်နောက်ခံပေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်း ဟီရိုရှိမာ့ခရိုင်မှာရှိတဲ့ Akitakata မြို့ရဲ့ မြို့ဝန်ဟောင်း Ishimaru Shinji ဟာ နိုင်ငံရေးပါတီတွေရဲ့ ကျောထောက်နောက်ခံပေးမှုမရှိဘဲ မဲ တစ်သန်းခွဲကျော် ရရှိခဲ့ပြီး မီးစ် Koike နောက်မှာ ဒုတိယနေရာရခဲ့ပါတယ်။ NHK ရဲ့ မဲရုံထွက်ပေါက် စစ်တမ်းတွေက သူဟာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်အရွယ် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲ ၄၀ ရာခိုင်နှုန်းကျော် ရရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အထက်လွှတ်တော်အမတ်ဟောင်း Renho က တတိယနေရာရရှိခဲ့ပါတယ်။ သူ့ကို Constitutional Democratic Party (CDP) အပါအဝင် အတိုက်အခံပါတီတွေက ကျောထောက်နောက်ခံပေးခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီးမှာ LDP နှင့် CDP တို့က အခုလိုတုံ့ပြန်ခဲ့ကြပါတယ်။

LDP ယာယီအထွေထွေအတွင်းရေးမှူး မီးစ် Inada Tomomi က "ဒါဟာ ကျွန်မတို့ ပါတီအတွက် အောင်မြင်မှုတစ်ခုလို့ ထင်ပါတယ်၊ ဒါပေမဲ့ မီးစ် Koike ရဲ့အောင်ပွဲဟာ LDP အတွက် အောင်ပွဲတစ်ခုလို့ ကျွန်မ မထင်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ပါတီကို ဝေဖန်နေတာတွေဟာ မလျော့သေးပါဘူး။ ပြီးတော့ ကျွန်မတို့ဟာ တကယ်ကိုခက်ခဲတဲ့ အခြေအနေမှာ ရှိနေတုန်းပါ၊ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုနဲ့ ရှေ့ကိုဆက်လက်ချီတက်ဖို့ လိုအပ်တယ်လို့ ထပ်ပြီး ခံစားမိပါတယ်" လို့ ပြောပါတယ်။

CDP ရဲ့ ရွေးကောက်ပွဲ မဟာဗျူဟာကော်မတီ ဥက္ကဋ္ဌ Oogushi Hiroshi က "တိုကျိုအုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်တဲ့ မီးစ် Koike ရဲ့ စွမ်းဆောင်မှုကို ဝေဖန်ထောက်ပြတာတွေနဲ့ မဲရတဲ့အနေအထားဖြစ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမဲ့ အဲဒါကို ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ Renho နဲ့ ကျွန်တော်တို့ဟာ တသီးပုဂ္ဂလမဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု ဘာကြောင့် အလုံအလောက် မရခဲ့ဘူးဆိုတာကို ကျွန်တော် သေသေချာချာ ခွဲခြမ်းစိတ်ဖြာလေ့လာလိုပါတယ်" လို့ ပြောပါတယ်။
မဲပေးသူ ၆၀.၆၂ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့တဲ့အကြိမ် တိုကျိုအုပ်ချုပ်ရေးမှူးနေရာရွေးကောက်ပွဲကထက် ၅.၆၂ မှတ် တိုးခဲ့ပါတယ်။