ဂျပန်နိုင်ငံမှာ လစာတိုးခဲ့ပေမဲ့ လက်တွေ့လုပ်ခလစာ ၂၆ လ ဆက်တိုက် ကျဆင်း

မေလမှာ ဂျပန်နိုင်ငံက အလုပ်သမားတွေရဲ့ ၀င်ငွေတွေ ထပ်ပြီးတိုးလာတာကို မြင်တွေ့ခဲ့ရပေမဲ့ စျေးနှုန်းမြင့်တက်မှုတွေက အမည်ခံလစာတိုးမြင့်မှုထက် ကျော်လွန်နေတာကြောင့် လက်တွေ့လုပ်ခလစာဟာ ၂၆ လ ဆက်တိုက်အဖြစ် ကျဆင်းခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားတဲ့ လုပ်ခလစာဟာ အရင်နှစ်ကထက် ၁.၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ နှိုင်းယှဉ်စရာ အချက်အလက်တွေ ရရှိနိုင်တဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံး ကျဆင်းမှု ဖြစ်လာခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ အနည်းဆုံး ဝန်ထမ်း ၅ ဦးရှိတဲ့ လုပ်ငန်းပေါင်း ၃၀,၀၀၀ ကျော်ကို လစဉ် စစ်တမ်းကောက်ယူ တွက်ချက်ထားတာ ဖြစ်ပါတယ်။

အချိန်ပိုလုပ်ခအပါအဝင် စုစုပေါင်းပျမ်းမျှလစာဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁.၉ ရာခိုင်နှုန်းတိုးလာပြီး ၂၉၇,၁၅၁ ယန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁,၈၄၈ ဒေါ်လာအထိ တိုးလာခဲ့ပါတယ်။ ဒါဟာ ၂၉ လဆက်တိုက် တိုးလာတာ ဖြစ်ပါတယ်။

အခုနှစ် နွေဦးရာသီ လစာညှိနှိုင်းမှုတွေမှာ စီးပွားရေးလုပ်ငန်းအများအပြားက လစာတွေ သိသိသာသာ တိုးပေးခဲ့ကြတယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေက လက်တွေ့လုပ်ခလစာအပေါ်မှာ အကြီးအကျယ် သက်ရောက်နေဆဲဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။

လက်တွေ့ လုပ်ခလစာတွေ ဘယ်အချိန်မှာ ပြန်လည်မြင့်တက်လာမလဲဆိုတာနဲ့ပတ်သက်ပြီး အနေအထားတွေကို အနီးကပ်စောင့်ကြည့်မယ်လို့ ပြောကြားခဲ့ပြီး တချို့ကုမ္ပဏီတွေက ဇွန်လနောက်ပိုင်းမှာ လစာတိုးပေးမယ့် အလားအလာရှိနေတယ်လို့လည်း အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။