ပြင်သစ်ရဲ့ လက်ဝဲယိမ်းမဟာမိတ်အဖွဲ့ အောက်လွှတ်တော်မှာ အင်အားအကြီးဆုံးဖြစ်လာ

ပြင်သစ်မှာ လက်ဝဲယိမ်းမဟာမိတ်အဖွဲ့ဟာ ရွေးကောက်ပွဲအကြိုခန့်မှန်းချက်တွေနဲ့ ကွဲလွဲပြီး နိုင်ငံရဲ့ အောက်လွှတ်တော်မှာ အင်အားအကြီးဆုံးဖြစ်လာပါတယ်။ ဒါပေမဲ့ ဘယ်အုပ်စုကမှအများစုအင်အားဖွဲ့ဖို့ လုံလောက်တဲ့မဲ မရရှိခဲ့ပါဘူး။

ဇွန်လ ၃၀ ရက် ပထမအကျော့ရွေးကောက်ပွဲအပြီး တနင်္ဂနွေနေ့မှာ တကျော့ပြန်ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇွန်လအတွင်း ဥရောပပါလီမန်ရွေးကောက်ပွဲမှာ လက်ယာစွန်း National Rally ပါတီကို သမ္မတ Emmanuel Macron ရဲ့ ညွန့်ပေါင်းအဖွဲ့က အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မစ္စတာ Macron ရှောင်တခင် ရွေးကောက်ပွဲ ခေါ်ခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ပေါ် အခြေခံပြီး ပြည်သူ့အသံလွှင့်ဌာနဖြစ်တဲ့ Franceinfo က လက်ဝဲယိမ်း New Popular Front ဟာ National Assembly မှာ အမတ်နေရာ ၅၇၇ နေရာထဲက ၁၈၀ ကို ရယူခဲ့တယ်လို့ အစီရင်ခံခဲ့ပါတယ်။

Macron ရဲ့ အာဏာရ ဗဟိုဝါဒီအုပ်စုဘက်က အမတ်နေရာ ၁၅၈ နေရာရရှိခဲ့တဲ့အတွက်ရွေးကောက်ပွဲမတိုင်မီ ရှိခဲ့တဲ့အရေအတွက်ထက် ၁၀၀ နီးပါး ကျဆင်းသွားခဲ့ပြီး National Rally နဲ့ သူရဲ့မဟာမိတ်တွေက ၁၄၃ နေရာ အနိုင်ရခဲ့တယ်လို့လည်း Franceinfo ကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ပထမအကျော့ရွေးကောက်ပွဲမှာ National Rally နဲ့ သူရဲ့မဟာမိတ်တွေက မဲအများဆုံးရရှိခဲ့ပါတယ်။ ဒါပေမဲ့ National Rally က အင်အားအကြီးဆုံး ဖြစ်လာမှာကို တားဆီးပိတ်ပင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ New Popular Front က ရွေးကောက်ပွဲ မဲဆန္ဒနယ် ၂၀၀ ကျော်မှာ ပေါင်းစုညီညွတ်ကိုယ်စားလှယ်လောင်းတွေနဲ့ ဝင်ပြိုင်ဖို့ မစ္စတာ Macron ရဲ့အာဏာရအုပ်စုနဲ့ ပေါင်းခဲ့ပါတယ်။

လက်ဝဲစွန်းပါတီခေါင်းဆောင် Jean-Luc Melenchon က New Popular Front ကို အစိုးရသစ်ဖွဲ့ပါဆိုပြီး မစ္စတာ Macron အနေနဲ့ တောင်းဆိုသင့်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သူတို့တတွေရဲ့ မူဝါဒတွေဟာ အလှမ်းဝေးလှတဲ့အတွက် Macron ရဲ့ အုပ်စုရော မစ္စတာ Melenchon တို့ပါ ညွန့်ပေါင်းဖွဲ့ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

လွှတ်တော်တွင်း အများစုအင်အားဖွဲ့စည်းဖို့ အုပ်စုတွေအနေနဲ့ လုပ်ဖို့ခက်ခဲနိုင်တဲ့အတွက် ဒီဟာက ပြင်သစ်ကို မရေရာတဲ့နိုင်ငံရေးအခြေအနေထဲကို နက်နက်ရှိုင်းရှိုင်းတွန်းပို့နိုင်ပါတယ်။