ခေါင်းဆောင် Kim Il Sung ကွယ်လွန်ပြီး နှစ် ၃၀ ပြည့်အချိန်မှာ စစ်တပ်ရဲ့ အင်အားကို မြောက်ကိုရီးယား အလေးပေးဖော်ပြ

နိုင်ငံတည်ထောင်သူ Kim Il Sung ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့် ကျရောက်တဲ့ တနင်္လာနေ့မှာ မြောက်ကိုရီးယားက သူ့ရဲ့ ဒုံးကျည်နဲ့ နျူကလီးယား စွမ်းရည်တွေကို အလေးပေးဖော်ပြခဲ့ပြီး မကြာသေးခင်က စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားကို အပြစ်တင်ဝေဖန်လိုက်ပါတယ်။

လက်ရှိခေါင်းဆောင် Kim Jong Un ဟာ Kim Il Sung ရဲ့ မြေးဖြစ်ပါတယ်။

အာဏာရ အလုပ်သမားပါတီ သတင်းစာ Rodong Sinmun က ကွယ်လွန်သူ နိုင်ငံတည်ထောင်သူရဲ့ ရုပ်ပုံကို မျက်နှာဖုံး စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် ဖခင်နဲ့ အဘိုးရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ မစ္စတာ Kim အပေါ် သစ္စာစောင့်သိဖို့ အဲဒီသတင်းစာမှာ တောင်းဆိုထားပါတယ်။

ICBM အဆင့် Hwasong-18 ပဲ့ထိန်းဒုံးကျည်ရဲ့ ဓာတ်ပုံကိုလည်း အဲဒီသတင်းစာမှာ ဖော်ပြထားပါတယ်။

ခေါင်းဆောင် Kim Jong Un လက်ထက်မှာ နျူကလီးယားနဲ့ ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ရည်ညွှန်းပြီး မိမိတို့နိုင်ငံဟာ ဘယ်သူကမှ ရန်မစရဲတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာတယ်လို့လည်း အဲဒီသတင်းစာက ဆိုပါတယ်။

Rodong Sinmun သတင်းစာမှာ Kim Jong Un ရဲ့ ညီမဖြစ်သူ Kim Yo Jong ရဲ့ ထုတ်ပြန်ချက်တစ်ခုကိုလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက မြေပြင်နဲ့ ရေပြင် နယ်နိမိတ်တွေအနီးမှာ တောင်ကိုရီးယား က ကျည်အစစ်တွေသုံးစွဲတဲ့ အမြောက်လေ့ကျင့်မှုတွေ ပြန်စခဲ့တာအပေါ် Kim Yo Jong က အခြေအနေတွေကို ပိုမိုဆိုးရွားစေတဲ့ ပြတ်ပြတ်သားသား ရန်စမှုတစ်ခုအဖြစ် အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဇွန်လမှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပြုလုပ်ခဲ့တဲ့ Freedom Edge ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း သူက ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ ထိပ်တိုက်ရင်ဆိုင်ရေး ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ထိပါးပြီး စစ်ကြေညာမှုနဲ့အလားတူတဲ့လုပ်ရပ်တစ်ခုကို ကျူးလွန်တယ်လို့ မှတ်ယူခဲ့မယ်ဆိုရင် “မိမိတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ချက်ချင်းထမ်းဆောင်မယ်” လို့ သူ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။