ယူကရိန်းအတွက် ပိုမိုအကူအညီပေးဖို့ NATO ခေါင်းဆောင်တွေ သဘောတူညီမယ်လို့ ယူကရိန်းသမ္မတ မျှော်လင့်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားတပ်ဖွဲ့တွေက သူတို့ရဲ့ ထိုးစစ်ကို အရှိန်မြှင့်နေတဲ့အတွက် NATO ခေါင်းဆောင်တွေဟာ သူ့နိုင်ငံကို အကူအညီတွေ တိုးမြှင့်ပေးဖို့ သဘောတူကြလိမ့်မယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူ့ရဲ့ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

NATO ထိပ်သီးအစည်းအဝေးကို အင်္ဂါနေ့ကျရင် ဝါရှင်တန်မှာ စတင်မှာဖြစ်ပါတယ်။

မစ္စတာ Zelenskyy ဟာ စနေနေ့က ဆိုရှယ်မီဒီယာတစ်ခုမှာ "ကျွန်တော်တို့ရဲ့ မြို့တွေ ရွာတွေအားလုံးကို ကာကွယ်ဖို့နဲ့ ရုရှားအကြမ်းဖက်မှုကို အမှန်တကယ်ကျော်လွှားဖို့ ကျွန်တော်တို့ ပိုပြီးခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်ပါတယ်။ လာမယ့်သီတင်းပတ်မှာ အဲဒီဆုံးဖြတ်ချက်တွေအတွက် ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ဆိုထားပါတယ်။

ဒီအတောအတွင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ယူကရိန်းအရှေ့ပိုင်းဒေသ Donetsk က ရွာတစ်ရွာကို သူ့ရဲ့တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ ဆိုထားပါတယ်။ တက်ကြွတဲ့ စစ်ဆင်ရေးရလဒ်အဖြစ် အဲဒီတပ်ဖွဲ့တွေဟာ သူတို့ရဲ့ နည်းဗျူဟာမြောက် အနေအထားတွေကို မြှင့်တင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

Donetsk ဒေသရှိ Pokrovsk ရှေ့တန်းစစ်မျက်နှာမှာ ရုရှားရဲ့ Su-25 လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ယူကရိန်းတပ်ဖွဲ့တွေက ကြေညာခဲ့ပါတယ်။

မစ္စတာ Zelenskyy က တာဝေးပစ်ဒုံးကျည်တွေရရှိရေးနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ မြှင့်တင်ရေးအတွက် ပံ့ပိုးမှုလိုအပ်တယ်လို့ အလေးပေးပြောဆိုနေချိန်မှာ NATO ခေါင်းဆောင်တွေက ဘယ်လောက်အကူအညီ ပေးနိုင်မလဲဆိုတာကို အများက အာရုံစိုက်နေကြပါတယ်။