ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံသတ်ဖြတ်ခံရပြီး ၂ နှစ်အကြာမှာ ပြည်သူတွေ ပန်းစည်းချ ဆုတောင်း

လွန်ခဲ့တဲ့ ၂ နှစ်တိတိ အချိန်က ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe Shinzo မဲဆွယ်မိန့်ခွန်းပြောနေတုန်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တဲ့ ဂျပန် အနောက်ပိုင်းက Naraမြို့ရဲ့ တစ်နေရာမှာ ပြည်သူအများအပြား ပန်းစည်းတွေကို ချခဲ့ကြပါတယ်။

အဲဒီပစ်ခတ်မှုဟာ Yamato-Saidaiji ဘူတာရုံအနားက ဧရိယာမှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာအနီးမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ပန်းတွေကို ခင်းကျင်းထားတဲ့ ယာယီတဲတစ်လုံးကို တနင်္ဂနွေနေ့က ထားရှိခဲ့ပါတယ်။ အဲဒီနေရာကို အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ Nara ခရိုင်ဌာနခွဲက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ် Yamagami Tetsuya အပေါ် လူသတ်မှုနဲ့ လက်နက် တရားမဝင် လက်ဝယ်ထားရှိမှုအပါအဝင် စွဲချက်တွေ တင်ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း Abe ဟာ အရင်က Unification Church လို့ လူသိများတဲ့ ဘာသာရေးအဖွဲ့နဲ့ နီးကပ်တဲ့ဆက်ဆံမှုရှိတယ်လို့ ယုံကြည်တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေကို Yamagami က ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဲဒီလူရဲ့ မိခင်က အဲဒီဘာသာရေးအဖွဲ့ကို ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့တဲ့နောက် သူဟာ အဲဒီအဖွဲ့အပေါ် ရန်ငြိုးထားလာခဲ့ပုံရတယ်လို့ ဆိုနေကြပါတယ်။

တရားရုံးရဲ့ ပထမအကြိမ်ကြားနာမှု မတိုင်ခင်မှာ သက်သေအထောက်အထားတွေနဲ့ အဆိုတင်မယ့်အချက်တွေလို အဓိကကိစ္စရပ်တွေကို စုစည်းဖို့အတွက် Nara ခရိုင်တရားရုံးမှာ တရားခွင်အကြိုလုပ်ငန်းစဉ်တွေကို ၄ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

တင်ပြမည့် သက်သေအထောက်အထား အများစုကို အစီအစဉ်ချ ခွဲထုတ်ထားပြီးဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တရားရုံးနဲ့ ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့ တရားလို ရှေ့နေအဖွဲ့တွေဟာ အဆိုတင် ငြင်းခုံမယ့် နယ်ပယ်ကို ကျဉ်းမြောင်းအောင် ညှိနှိုင်းနေကြပါတယ်။ Yamagami ပိုင်ဆိုင်တဲ့ လက်လုပ်သေနတ်တွေဟာ ဥပဒေကြောင်းအရ သေနတ်နဲ့ တခြားလက်နက်ကိရိယာတွေအဖြစ် အကျုံးဝင်ခြင်းရှိမရှိဆိုတာကို သူတို့က ဆွေးနွေးနေကြပါတယ်။

ဒီအမှုကို ဂျူရီလူကြီးတွေပါဝင်တဲ့ တရားစီရင်မှုအဖြစ် ကြားနာဖွယ်ရှိပေမဲ့ ရုံးချိန်းကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ပထမအကြိမ်ကြားနာမှုကို ၂၀၂၅ ခုနှစ် ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာ ပြုလုပ်မယ်လို့ တရားလို ရှေ့နေအဖွဲ့က မျှော်လင့်နေပါတယ်။