ကြယ်စင်ပွဲတော်နေ့မှာ ကလေးငယ်တွေ ဆုမွန်ကောင်းတောင်း

ဂျပန်နိုင်ငံအလယ်ပိုင်း Aichi ခရိုင် Nagakute မြို့က ပန်းခြံတစ်ခုမှာ နှစ်စဉ်ကျင်းပမြဲ ကြယ်စင်ပွဲတော်အထိမ်းအမှတ်အဖြစ် ကလေးတွေနဲ့ ဧည့်သည်တွေဟာ ဝါးပင်တွေမှာ ဆုတောင်းစာရေးထားတဲ့ ရောင်စုံစာရွက်လေးတွေကို ချိတ်ဆွဲအလှဆင်ခဲ့ကြပါတယ်။

Expo 2005 Aichi Commemorative ပန်းခြံက ဝန်ထမ်းတွေဟာ ဇူလိုင်လ ၇ ရက် ပွဲတော်မတိုင်မီ နှစ်စဉ် ပန်းခြံထဲက ရရှိတဲ့ ဝါးပင်တွေကို နေရာ ၉ နေရာမှာ စိုက်ထူ‌လေ့ရှိပါတယ်။ အဲဒီမှာ လာရောက်လည်ပတ်ကြသူတွေအတွက် ဆုတောင်းစာ ရေးဖို့ စာရွက်လေးတွေလည်း ပြင်ဆင်ပေးထားပါတယ်။

သစ်ပင်တွေကို ရောင်စုံ စက္ကူစတွေ အများအပြားနဲ့ အလှဆင်ထားပါတယ်။ အဲဒီအထဲမှာ "မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် တောင်းဆုပြုပါတယ်" လို့ ရေးထားတဲ့ ဆုတောင်းစာလည်း ပါဝင်ပါတယ်။

ပွဲတော်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ကလေးတွေဟာ သူတို့ရဲ့ ဆန္ဒကို စာရွက်လေးတွေမှာ ရေးပြီး ဝါးပင်တွေမှာ ချည်နှောင်ချိတ်ဆွဲထားခဲ့ကြပါတယ်။

Nagoya မြို့က အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်က သူ့ရဲ့ ၆ နှစ်အရွယ် ညီမငယ်နဲ့အတူ ဆုတောင်းစာကို ရေးခဲ့ပါတယ်။ သူက သင်္ချာကို အခုထက် ပိုပြီး ထူးချွန်လိုကြောင်း ရေးပြီး ဆုတောင်းခဲ့ပါတယ်။

အသက်၂ နှစ်အရွယ် ရင်သွေးငယ်နဲ့အတူ Toyota မြို့ကနေ လာတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသားက သူ့ကလေးဟာ မကြာခင်မှာ ညီငယ်လေးတစ်ယောက်ရတော့မှာ ဖြစ်ပြီး သားလေး ကျန်းကျန်းမာမာ မွေးဖွားလာဖို့ ဆန္ဒပြုဆုတောင်းခဲ့ကြောင်း ပြောပါတယ်။