Shizuoka မှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီယပ်အထိ မြင့်တက်

ဂျပန်အလယ်ပိုင်း Shizuoka မြို့မှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ၁ နာရီ ၁၈ မိနစ်က အပူချိန်ဟာ ၄၀ ဒီဂရီဆဲလ်စီယပ်အထိ ရှိခဲ့ပြီး ဒါဟာ ဂျပန်မိုးလေဝသအေဂျင်စီက ၁၉၄၀ ပြည့်နှစ်မှာ မှတ်တမ်းတင်မှု စတင်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံး စံချိန်ဖြစ်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက လေဖိအားနည်းရပ်ဝန်းဟာ နိုင်ငံအနောက်ပိုင်းနဲ့ အရှေ့ပိုင်းက ဧရိယာအများအပြားကို ဆက်လက် ဖုံးအုပ်နေတာကြောင့် အပူချိန်မြင့်မားလာခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။

အပူရှိန်ကြောင့် သက်ကြီးရွယ်အိုတချို့ဟာ အပူလျှပ်ခြင်းလို့ ယူဆရတဲ့ ရောဂါလက္ခဏာတွေနဲ့ သေဆုံးခဲ့ကြရပါတယ်။

အခုတစ်ကြိမ် အပူချိန် ၄၀ ဒီဂရီဆဲလ်စီယပ်အထိ မြင့်တက်လာခဲ့တာဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၁၀ ရက်နေ့က ဂျပန်ပင်လယ်ကမ်းရိုးတန်းက Ishikawa ခရိုင် Komatsu မြို့မှာ အလားတူ အပူချိန် မြင့်တက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က အမြင့်ဆုံး နေ့အပူချိန်ဟာ Gunma ခရိုင် Shimonita မြို့မှာ ၃၉.၈ ဒီဂရီ၊ Fukushima ခရိုင် Namie မြို့၊ Yamanashi ခရိုင် Otsuki မြို့နဲ့ Shizuoka ခရိုင် Hamamatsu မြို့တွေမှာ ၃၈.၈ ဒီဂရီ အသီးသီး ရှိခဲ့ပါတယ်။

အေဂျင်စီနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနတို့ဟာ တိုကျိုအပါအဝင် Kanto ဒေသက ခရိုင် ၂၆ ခုနဲ့ Okinawa ခရိုင်အတွက် အပူလျှပ်ခြင်းဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ လေအေးပေးစက်ကို အလျဉ်းသင့်သလို အသုံးပြုဖို့နဲ့ မလိုအပ်ဘဲ အပြင်ထွက်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။

မိသားစုတွေအနေနဲ့ အပူလျှပ်လွယ်တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို အထူးဂရုစိုက်ဖို့လည်း အကြံပြုထားပါတယ်။