အီရန်မှာ ထိပ်တန်းခေါင်းဆောင်ရဲ့ ဖိအားပေးမှု ရှိနေတဲ့အကြား သမ္မတအသစ်က အောင်ပွဲခံမိန့်ခွန်း ပြောကြား

အီရန်သမ္မတသစ် Masoud Pezeshkian ဟာ သောကြာနေ့က သမ္မတရွေးကောက်ပွဲနောက်ဆုံးအဆင့်မှာ အနိုင်ရပြီးနောက် သူ့ရဲ့ ပထမဆုံးမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

မစ္စတာ Pezeshkian ဟာ တစ်ဦးတည်းသော ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတလောင်းအနေနဲ့ ထောက်ခံမဲ ၅၄ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ၄၄ ရာခိုင်နှုန်းလောက် ရရှိခဲ့တဲ့ သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီ Saeed Jalili ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးမှုတွေအတွင်း မစ္စတာ Pezeshkian ဟာ အနောက်နိုင်ငံတွေနဲ့အတူ ပိုမို ညှိနှိုင်းဆွေးနွေးဖို့ စည်းရုံးပြောဆိုခဲ့ပြီး မစ္စတာ Jalili ကတော့ အနောက်နိုင်ငံတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ကတိပြုပြောဆိုခဲ့ပါတယ်။

နောက်ဆုံးအဆင့်ရွေးကောက်ပွဲမှာ မဲပေးသူဦးရေဟာ ၄၉.၈ ရာခိုင်နှုန်းရှိပြီး ဇွန်လတုန်းက ပထမတစ်ကျော့ မဲပေးချိန်ကထက် ၁၀ ရာခိုင်နှုန်းလောက် တိုးလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေသူတွေဟာ မစ္စတာ Pezeshkian ကို ထောက်ခံခဲ့ကြတာ ဖြစ်တယ်လို့ ယူဆရပါတယ်။

ပိုမိုကောင်းမွန်တဲ့ ဘဝအတွက် ကြိုးစားနေကြတဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ပြေလျော့စေဖို့အတွက် အီရန်ဟာ စိန်ခေါ်မှုတစ်ရပ် ရင်ဆိုင်နေရတယ်လို့ မစ္စတာ Pezeshkian က စနေနေ့က အောင်ပွဲခံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

လွှတ်တော်ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်တဲ့ သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မှားယွင်းတဲ့ ကတိတွေ မပေးခဲ့ဘူးလို့ ပြောပါတယ်။

စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ အီရန်ရဲ့ ၂၀၁၅ ခုနှစ် နျူကလီးယားတီထွင်ရေးဆိုင်ရာ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး ကြိုးပမ်းတဲ့အနေနဲ့ အနောက်နိုင်ငံတွေနဲ့အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် ကြိုးစားဖို့ အသင့်ဖြစ်နေကြောင်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြို့တော် တီဟီရန်က ပြည်သူတွေဟာ အပြောင်းအလဲတစ်ခု ရှိလာဖို့ မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက သမ္မတအသစ်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရေး အမြန်ဆုံး စတင်ဆောင်ရွက်စေလိုတယ်လို့ ပြောပါတယ်။

အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သမ္မတသစ်အနေနဲ့ လူမှုရေးအခြေအနေကို ထည့်သွင်းစဉ်းစားပြီး တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး တည်ဆောက်စေလိုတယ်လို့ ပြောပါတယ်။

အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် Ayatollah Ali Khamenei က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ထဲမှာ သမ္မတအသစ်အနေနဲ့ သူ့မတိုင်ခင်က သမ္မတရဲ့ လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တောက်ပတဲ့ အနာဂတ်ကို မျှော်မှန်းပြီး ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။

မစ္စတာ Pezeshkian ဟာ မေလတုန်းက ရဟတ်ယာဉ်ပျက်ကျမှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ သဘောထားတင်းမာသူ သမ္မတ Ebrahim Raisi ရဲ့ နေရာကို အစားထိုးဝင်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတသစ်အနေနဲ့ ရှေးရိုးစွဲဝါဒီတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ နိုင်ငံခြားရေးမူဝါဒကို ကြီးကြီးမားမား ပြောင်းလဲစေနိုင်မလားဆိုတဲ့အပေါ် အာရုံစိုက်မှုတွေ ရှိနေပါတယ်။