ယူကရိန်းမှာ အောင်ပွဲရဖို့ ရုရှားသမ္မတ ယုံကြည်မှု ပိုရှိလာနေတယ်လို့ အမေရိကန်သုတေသနဌာနတစ်ခု က ဆို

ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲဖို့ မစဉ်းစားဘဲ ရုရှားက အောင်ပွဲရလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေကြောင်း အမေရိကန်သုတေသနဌာနတစ်ခုက အကဲခတ်ပြောကြားလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး ယူကရိန်း အသာရလာမှာကို ရုရှားက မလိုလားဘူးလို့ မစ္စတာ Putin က ရုရှားမီဒီယာတွေကို ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

မစ္စတာ Putin ဟာ သောကြာနေ့မှာ သတင်းထောက်တွေကို ထပ်မံ တွေ့ဆုံခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်မယ်ဆိုရင် ယူကရိန်းတပ်ဖွဲ့‌တွေအနေနဲ့ ရုရှားက တစ်ဖက်သတ် ပေါင်းစည်းသိမ်းသွင်းထားတဲ့ ယူကရိန်းဒေသ ၄ ခုကနေ ဆုတ်ခွာပေးရမှာ ဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သုတေသနဌာန Institute for the Study of War က သူတို့ရဲ့ အကဲဖြတ်ချက်ကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ "အပစ်အခတ်ရပ်စဲရေးကို သမ္မတ Putin က ငြင်းပယ်နေတာဟာ ရုရှားတပ်တွေက ယူကရိန်းပိုက်နက်ထဲ တဖြည်းဖြည်း ရှေ့ဆက်တိုးခြင်းအားဖြင့် ယူကရိန်းအပေါ် အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုကို ရုရှားအနေနဲ့ တင်းခံကျော်လွှားနိုင်ပြီး ရေရှည်စစ်ပွဲမှာ အောင်ပွဲခံနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ယုံကြည်မှု ပိုရှိလာနေတာ ဖြစ်ကြောင်း" အဲဒီအကဲဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းနဲ့ ယူကရိန်းကို ထောက်ခံအား‌ပေးတဲ့ နိုင်ငံတွေ လက်ခံနိုင်လောက်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ခိုင်ခိုင်မာမာ ရရှိစေဖို့အတွက် အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်ဖို့ လိုအပ်တဲ့ အထောက်အပံ့တွေကို အမြန်ဆုံး ပေးပို့ဖို့ လိုကြောင်းလည်း အဲဒီသုတေသနဌာနအဖွဲ့က အလေးပေးပြောကြားလိုက်ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ခုခံရေးစည်းတွေနဲ့ ခံစစ်နေရာ‌တွေကို အခိုင်အမာ ဆက်ထိန်းထားပြီး ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေ‌‌တွေကို ပြန်လည်သိမ်းပိုက်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံ‌က ကိုယ်စားလှယ်တွေ တက်ရောက်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ အနောက်နိုင်ငံတွေဆီကနေ စစ်ရေးအကူအညီတွေ ရရှိရေးကို ယူကရိန်းအစိုရက တောင်းဆိုထားပါတယ်။ အဲဒီအစည်းအဝေးကို ဇူလိုင်လ ၉ ရက်နေ့ကျရင် အမေရိကန်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။