ယူကရိန်းက မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ ဂျပန်နဲ့ ကမ္ဘောဒီးယားတို့ ပူးပေါင်းပါဝင်ဖို့ သဘောတူ

ဂျပန်နဲ့ ကမ္ဘောဒီးယားဟာ ယူကရိန်းနဲ့ တခြားနိုင်ငံတွေက မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ သဘောတူခဲ့ကြပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko ဟာ စနေနေ့က ကမ္ဘောဒီးယားကို သွားရောက်ခဲ့ချိန်မှာ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Sok Chenda Sophea နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီလို သဘောတူခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားမှာ ပေါက်ကွဲတတ်တဲ့ လက်နက်တွေကို နှစ်ပေါင်းများစွာ ရှင်းလင်းလာခဲ့တဲ့ ဂျပန်ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ယူကရိန်းအပါအဝင် တခြားနိုင်ငံတွေက မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်းပါဝင်ရေး ကနဦးအစီအစဉ်ကို သူတို့နှစ်ဦး ကြေညာခဲ့ပါတယ်။

အသေးစိတ်အစီအမံတွေထဲ ကမ္ဘောဒီးယားမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ တည်ထောင်ဖို့ ပါဝင်ပါတယ်။
မြေမြှုပ်မိုင်းရှင်းလင်းရေးကိရိယာကို တီထွင်ရာမှာ လူလုပ်အသိဉာဏ် (AI) နဲ့ တခြား ခေတ်မီနည်းပညာတွေကို အသုံးပြုတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့အတူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မီးစ် Kamikawa က မြေမြှုပ်မိုင်းတွေဟာ ကမ္ဘာတစ်ဝန်းမှာ လူတွေကို ဒုက္ခပေးနေဆဲ ဖြစ်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂျပန်ဟာ ကမ္ဘာဒီးယားရဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး ကြိုးပမ်းမှုတွေကို နှစ်ပေါင်းများစွာ ကူညီပေးခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီကြိုးပမ်းမှုတွေကနေ ရရှိခဲ့တဲ့ နည်းပညာနဲ့ ဗဟုသုတတွေအပေါ် အခြေခံပြီး နှစ်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ရေပေးဝေရေးနဲ့ ရေဆိုးစွန့်စနစ်တွေ၊ 5G မိုဘိုင်းကွန်ရက်အပါအဝင် တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တည်ဆောက်တာအပြင် ဆိုက်ဘာလုံခြုံရေးနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးနှစ်ဦး သဘောတူခဲ့ပါတယ်။

ဂျပန်ဟာ ကမ္ဘောဒီးယားက ဆိပ်ကမ်းတစ်ခုကို ဒေသတွင်း ကုန်စည်ဖြန့်ဖြူးရေးအဓိကနေရာ ဖြစ်လာစေဖို့ ဆောင်ရွက်ရာမှာလည်း ပံ့ပိုးဖို့ စီစဉ်နေပါတယ်။