အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ လိုက်လျောမှုလုပ်ဖို့ အသင့်ရှိကြောင်း ဟားမတ်စ်အဖွဲ့က လက္ခဏာပြ

ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေမှာ ဟားမတ်စ်အဖွဲ့က လိုက်လျောမှုတွေ လုပ်ဖို့ လိုလားကြောင်း လက္ခဏာတွေပြသနေတယ်လို့ သိရပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်တွေကို ဆက်လုပ်နေပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်အများအပြား ခိုလှုံနေထိုင်နေတဲ့ ဂါဇာတောင်ပိုင်းက Rafah မြို့ နဲ့ Khan Younis မြို့တွေဟာ သောကြာနေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း Al Jazeera သတင်းဌာနက ပြောပါတယ်။

ဂါဇာကနေ NHK ရဲ့ ကင်မရာအဖွဲ့သားတွေက သောကြာနေ့မှာ ရိုက်ကူးပေးပို့ထားတဲ့ ဗီဒီယိုမှာ ထိခိုက်ဒဏ်ရာရသူတွေကို Khan Younis မြို့က Nasser ဆေးရုံဆီ ပို့ဆောင်နေပုံကို တွေ့မြင်ရပါတယ်။ ထိခိုက်ခဲ့သူတွေထဲမှာ အသက်ကင်းမဲ့နေပုံရတဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

တစ်ချိန်တည်းမှာပဲ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့အကြား စေ့စပ်ညှိနှိုင်းမှုတွေကို ကာတာနိုင်ငံနဲ့ တခြားကြားဝင်ဖျန်ဖြေသူတွေကတစ်ဆင့် ဆက်ပြီး လုပ်ဆောင်နေပါတယ်။

လက်ရှိ ဆွေးနွေးနေတဲ့ အဆင့် ၃ဆင့်ပါတဲ့ အဆိုပြုချက်အပေါ် ဟားမတ်စ်အဖွဲ့က လိုက်လျောလိုတဲ့ လက္ခဏာတွေ ပြနေတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဟားမတ်စ်ဟာ သဘောတူညီချက်တစ်ရပ်အတွက် လက်မှတ်မထိုးမီ အစ္စရေးဆီကနေ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး ကတိကဝတ် ရရှိဖို့ ကြိုတင်တောင်းဆိုခြင်းမပြုတော့ဘဲ ပထမအဆင့်အနေနဲ့ ရက်သတ္တပတ် ၆ ပတ်ကြာကာလအတွင်း အဲဒါအတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဘက်ကြား ကွာဟချက်တွေ ရှိနေသေးကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ ဆက်လက် ညှိနှိုင်းဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို လာမယ့် သီတင်းပတ်အတွင်း စေလွှတ်သွားမှာဖြစ်ကြောင်း အဲဒီရုံးက ပြောကြားခဲ့ပါတယ်။