လျှို့ဝှက်ချက်ကို ဝန်ထမ်းတွေကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဂျပန် ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ရာထူးကနုတ်ထွက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရ

ဂျပန် ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) ရဲ့ အကြီးတန်းအရာရှိတွေဟာ လုပ်ပိုင်ခွင့်မပြည့်မီတဲ့တပ်ဖွဲ့ဝင်တွေကို လျှို့ဝှက်သတင်းအချက်အလက်တွေ ကိုင်တွယ်ဖို့ခွင့်ပြုခဲ့တယ်ဆိုတာ ထွက်ပေါ်လာခဲ့တဲ့နောက် အဲဒီအကြီးတန်းအရာရှိတွေကို အပြစ်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေတယ်လို့ ဆိုပါတယ်။ MSDF ရဲ့ ဦးစီးချုပ်က ရာထူးကနုတ်ထွက်ဖို့ ဆန္ဒရှိတာကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားသင်္ဘောတွေနဲ့ ပတ်သက်တဲ့ တချို့အချက်အလက်တွေအပါအဝင် "သတ်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ" ကို လုပ်ပိုင်ခွင့်ပြည့်မီခြင်းမရှိတဲ့ဝန်ထမ်းတွေ ကိုင်တွယ်တာကို ခွင့်ပြုခဲ့တယ်လို့ဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာနက MSDF ရဲ့ ဖျက်သင်္ဘောတစ်စင်းက ကပ္ပတိန်ကို ဧပြီလမှာ ရာထူးက ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ တခြား ရေယာဉ်အများအပြားမှာလည်း အလားတူဖြစ်ရပ်တွေ ရှိခဲ့တာ ထွက်ပေါ်လာခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

MSDF ရဲ့ ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Sakai Ryo က ရာထူးက နုတ်ထွက်လိုတဲ့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်တွေနဲ့ အပြစ်ပေးမယ့် အမှုထမ်းတွေကို အခုလအစောပိုင်းမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

အစိုးရအဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေဟာ ကာကွယ်ရေး၊ သံတမန်ရေး၊ နိုင်ငံနဲ့ ပြည်သူတွေ ဘေးကင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ တခြားကဏ္ဍတွေက သတင်းအချက်အလက်တွေကို "သတ်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ" အဖြစ် ပြဋ္ဌာန်းနိုင်တဲ့ အခွင့်အာဏာရှိပါတယ်။ ဒီလို လျှို့ဝှက်ချက်တွေကို ကိုင်တွယ်မယ့်သူတွေကို စစ်ဆေးရွေးချယ်ထားဖို့လိုအပ်ပါတယ်။