အမေရိကန် စစ်တပ်ဝန်ထမ်းတွေရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိစေဖို့ ဂျပန် ရည်ရွယ်

အမေရိကန် စစ်ဘက်ဝန်ထမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုသံသယတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ပိုပြီးရှိလာစေဖို့ လုပ်ငန်းစဉ်တွေကို ဂျပန်ခေါင်းဆောင်တွေက လုပ်ဆောင်နေပါတယ်။ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့အမှုတွေကို အိုကီနာဝါ ခရိုင် အာဏာပိုင်တွေဆီ အဆောတလျင် အစီရင်ခံဖို့ ပျက်ကွက်ခဲ့တဲ့နောက် ဂျပန်အစိုးရဟာ အပြစ်တင်မှုတွေ ခံနေရပါတယ်။

မတ်လမှာ အမေရိကန်လေတပ်အဖွဲ့ဝင်တစ်ဦးက အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို ပြန်ပေးဆွဲပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ သံသယနဲ့ တရားစွဲခံခဲ့ရပါတယ်။

ဇွန်လတုန်းကလည်း အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြိုးပမ်မှု သံသယနဲ့ မရိန်းတပ်သားတစ်ဦး တရားစွဲခံခဲ့ရပါတယ်။

ကြာသပတေးနေ့က Naha မြို့မှာ နောက်ထပ် မရိန်းတပ်သားတစ်ဦးကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ရင်သားကို ဆုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲခံရပေမဲ့ အဲဒီစွပ်စွဲချက်ကို သူက ငြင်းဆိုထားပါတယ်။

ဂျပန်နိုင်ငံရဲ့ ထိပ်တန်း အစိုးရပြောရေးဆိုခွင့်ရှိသူက စနစ်သစ်ဟာ ပိုမိုထိရောက်မှုရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က "အမေရိကန်စစ်ဘက်ဝန်ထမ်းတွေရဲ့ ရာဇ၀တ်မှုတွေကို တားဆီးဖို့ အိုကီနာဝါမှာ ဒီလိုကိစ္စရပ်တွေအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ပတ်သက်ပြီး ချက်ချင်း ဆွေးနွေးဖို့လိုအပ်နေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေ ပူးပေါင်းဆောင်ရွက်ပြီး ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေကို သတင်းအချက်အလက်တွေ အတတ်နိုင်ဆုံး မျှဝေပေးသွားပါမယ်"လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စုံစမ်းစစ်ဆေးရေးမှူးတွေဆီက ပေးအပ်တဲ့ အချက်အလက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနဆီ ပေးပို့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေဆီ အကြောင်းကြားမှာ ဖြစ်ပါတယ်။

အိုကီနာဝါ ခရိုင်မှာရှိတဲ့ လူတချို့က အပြောင်းအလဲတွေကို ကြိုဆိုခဲ့ကြပါတယ်။ တချို့ကတော့ သတ်မှတ်ချိန်ထက် နောက်ကျနေပြီလို့ ပြောကြပါတယ်။

အိုကီနာဝါ ခရိုင်အုပ်ချုပ်ရေးမှူး Tamaki Denny က "ဒါဟာ ရှေ့ကို ခြေလှမ်းတစ်လှမ်း တိုးလာတာပါပဲ။ အစိုးရက သတင်းအချက်အလက်မျှဝေရေးနဲ့ ပတ်သက်တဲ့ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။