ရုရှားနဲ့ တရုတ် စစ်သင်္ဘောတွေ ဂျပန် အနောက်တောင်ပိုင်းကနေ ဖြတ်သန်းခဲ့ကြောင်း အတည်ပြု

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက ရေလက်ကြားကို ရုရှားနဲ့ တရုတ် စစ်ရေယာဉ် ၄ စင်း ဖြတ်သန်းသွားခဲ့တာကို အတည်ပြုခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဖရီးဂိတ်သင်္ဘော တစ်စင်းအပါအဝင် ရုရှား ရေတပ်သင်္ဘော ၂ စင်းနဲ့ ဒုံးကျည် ဖျက်သင်္ဘော တစ်စင်းအပါအဝင် တရုတ် ရေတပ်သင်္ဘော ၂ စင်းကို တွေ့ရှိအတည်ပြုခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီသင်္ဘောတွေဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ခါဂိုးရှီမ ခရိုင် Kusagaki ကျွန်းစုရဲ့ ကီလိုမီတာ ၄၀ လောက်အကွာမှာ အရှေ့ဘက်ကို ဦးတည်ခုတ်မောင်းနေတာကို အတည်ပြုခဲ့ပါတယ်။

အဲဒီသင်္ဘောတွေဟာ ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက Osumi ရေလက်ကြားကို ဖြတ်သွားခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာဘက်သို့ ထွက်ခွာသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အဲဒီရေလက်ကြားကို ရုရှားနဲ့ တရုတ် ရေတပ်သင်္ဘောတွေ အတူတွဲ ဖြတ်သန်းတာကို တွေ့ရခဲ့တာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အရင်တစ်ကြိမ် တွေ့ခဲ့တာကတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာဖြစ်ပါတယ်။

နှစ်နိုင်ငံက စစ်သင်္ဘောတွေ ပူးတွဲကင်းလှည့်မှု လုပ်ဆောင်မှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေကို ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်နေပါတယ်။