အင်ဒိုနီးရှားမှာ လျှပ်စစ်ကားသုံး ဘက်ထရီဆဲလ်အတွက် ပထမဆုံး စက်ရုံ ဆောက်လုပ်ပြီးစီး

အင်ဒိုနီးရှားနိုင်ငံရဲ့ လျှပ်စစ်ကား (EV) အတွက် ဘက်ထရီဆဲလ်ထုတ်လုပ်တဲ့ ပထမဆုံး စက်ရုံကို အနောက်ဂျာဗားမှာ တည်ဆောက် ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

အဲဒီစက်ရုံဟာ တောင်ကိုရီးယားက Hyundai Motor Group နဲ့ LG Energy Solution တို့ရဲ့ ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က သမ္မတ Joko Widodo တက်ရောက်တဲ့ အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပါတယ်။

Hyundai Motor ဟာ အင်ဒိုနီးရှားမှာ ၂၀၂၂ ခုနှစ်ကတည်းက EV တွေကို ထုတ်လုပ်နေခဲ့ပါတယ်။ ဒီစက်ရုံက အဲဒီကားတွေအတွက် ဘက်ထရီဆဲလ်တွေကို ထုတ်လုပ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားမှာ ကမ္ဘာ့အကြီးဆုံး နီကယ်သတ္တုသိုက်တချို့ ရှိပါတယ်။ နီကယ်ဟာ အဲဒီ ဘက်ထရီထုတ်လုပ်ရာမှာ အဓိကကျတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ ပြည်တွင်းစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ၂၀၂၀ ပြည့်နှစ်မှာ နီကယ် ကုန်ကြမ်းတင်ပို့မှုကို တားမြစ်ခဲ့ပါတယ်။ ဒီသတ္တုကို ပြည်တွင်းမှာ ပြုပြင်ပြီး တခြားနည်းလမ်းတွေနဲ့ တန်ဖိုးမြှင့်တင်ဖို့ အင်ဒိုနီးရှားအစိုးရက လိုလားနေပါတယ်။

အင်ဒိုနီးရှားကို EV နဲ့ ဆက်စပ်စက်မှုလုပ်ငန်းတွေအတွက် ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာအောင် ဒီစက်ရုံက ကူညီပေးမယ်လို့ မျှော်လင့်ကြောင်း မစ္စတာ Joko က ပြောကြားခဲ့ပါတယ်။ သူ့နိုင်ငံဟာ နီကယ်၊ ဘော်ဆိုက်နဲ့ ကြေးနီ အမြောက်အမြားရှိတာကြောင့် တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ သူကပြောပါတယ်။

အရှေ့တောင်အာရှရဲ့ တခြားနေရာတွေကိုကြည့်ရင်၊ ထိုင်းနိုင်ငံဟာလည်း EV နဲ့ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေပါတယ်။ တရုတ် ကားထုတ်လုပ်ရေးကုမ္ပဏီ BYD က ထိုင်းနိုင်ငံမှာ ထုတ်လုပ်မှုအခြေစိုက်စခန်းတစ်ခုကို တည်ထောင်ခဲ့ပြီး အခုသီတင်းပတ်မှာ ပြည်တွင်းထုတ်လုပ်မှုတွေကို စတင်ခဲ့ပါတယ်။