ဗြိတိန် လေဘာပါတီက အပြတ်အသတ် အနိုင်ရပြီး မစ္စတာ Starmer ၀န်ကြီးချုပ် ဖြစ်လာမယ်

ဗြိတိန်နိုင်ငံမှာ ကွန်ဆာဗေးတစ်ပါတီရဲ့ ၁၄ နှစ်ကြာ အုပ်ချုပ်မှုဟာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အကြီးဆုံး အတိုက်အခံ လေဘာပါတီက အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ အများစု ရရှိထားပြီး ဖြစ်ပါတယ်။

လေဘာပါတီခေါင်းဆောင် Keir Starmer က အဲဒီအနိုင်ရမှုကို ကြေညာခဲ့ပါတယ်။

"ကျွန်တော်တို့ နိုင်ပါပြီ။ အပြောင်းအလဲက အခုစနေပါပြီ" လို့ နိုင်ငံရွေးကောက်ပွဲမှာ သူ့ပါတီ အနိုင်ရပြီးနောက် မစ္စတာ Starmer က ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

လေဘာပါတီဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၆၅၀ ထဲက ၄၀၀ ကျော် အနိုင်ရခဲ့တယ်လို့ BBC က ပြောပါတယ်။ ကြာသပတေးနေ့
ရွေးကောက်ပွဲမတိုင်မီ ရရှိထားတဲ့ အမတ်နေရာရဲ့ နှစ်ဆလောက် လေဘာပါတီ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဝန်ကြီးချုပ် Rishi Sunak ရဲ့ ကွန်ဆာဗေးတစ်ပါတီ ကတော့ သူတို့ရဲ့ အမတ်နေရာ ထက်ဝက်ကျော် ဆုံးရှုံးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဝန်ကြီးချုပ်က အဲဒီရှုံးနိမ့်မှုကို လက်ခံခဲ့ပြီး အတိုက်အခံ လေဘာပါတီက အနိုင်ရခဲ့ကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။

မစ္စတာ Sunak က "သူ့ရဲ့အောင်ပွဲအတွက် ဂုဏ်ပြုပေးဖို့ ဆာ Keir Starmer ကို ကျွန်တော် ဖုန်းဆက်လိုက်ပါတယ်" လို့ ပြောပါတယ်။ ဒီဆုံးရှုံးမှုအတွက် တာဝန်ယူမှာ ဖြစ်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့ပြီး တောင်းပန်ပါတယ်လို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အဓိကကျတဲ့ ကိစ္စတွေထဲမှာ စီးပွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးတို့ ပါဝင်ပါတယ်။