မော်တော်ယာဥ်ဆော့ဖ်ဝဲ စံညွှန်းညှိနှိုင်းရေး Honda နဲ့ Nissan လုပ်ဆောင်နေတယ်လို့ သတင်းအရင်းအမြစ်တွေ ဆို

ဂျပန့်ထိပ်တန်း မော်တော်ကားကုမ္ပဏီတွေဖြစ်တဲ့ Honda Motor နဲ့ Nissan Motor တို့ဟာ တူညီတဲ့ ဆော့ဖ်ဝဲ အခြေခံတွေ တီထွင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ NHK က သိရပါတယ်။ အဲဒီပူးပေါင်းလုပ်ဆောင်မှုကြောင့် ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ပြီး ကမ္ဘာ့ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်းတွေ မြှင့်တင်နိုင်မယ်လို့ သူတို့က မျှော်လင့်နေကြပါတယ်။

အဲဒီကုမ္ပဏီနှစ်ခုဟာ လျှပ်စစ်ကားတွေအပါအဝင် နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်နိုင်ခြေ လေ့လာမှုတစ်ခုအတွက် မတ်လတုန်းက နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီကုမ္ပဏီတွေဟာ လက်ရှိမှာ သီးခြား စီမံခန့်ခွဲနေတဲ့ စက်ပစ္စည်းတွေကို စုစည်းထိန်းချုပ်နိုင်တဲ့ မော်တော်ယာဥ်ဆိုင်ရာ operating system (OS) ကို လေ့လာနေကြတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Honda နဲ့ Nissan တို့ဟာ အရှိန်မြှင့်စက်တွေနဲ့ ဘရိတ်တွေအပါအဝင် ထိန်းချုပ်ရေး အစိတ်အပိုင်းတွေနဲ့ မောင်းနှင်သူကို ကူညီရေးစနစ်အတွက် အခြေခံဒီဇိုင်းတွေကိုလည်း စံညွှန်းညှိဖို့ စီစဉ်နေပါတယ်။

ဆော့ဖ်ဝဲအပိုင်းဟာ မျိုးဆက်သစ် မော်တော်ယာဉ်တွေအတွက် ကမ္ဘာနဲ့ချီတဲ့ပြိုင်ဆိုင်မှုမှာ အဓိကကျတဲ့ ဧရိယာတစ်ခု ဖြစ်လာနေပါတယ်။ Tesla ကုမ္ပဏီဟာ ကိုယ်ပိုင် OS ကို သုံးထားတဲ့ လျှပ်စစ်မော်တော်ကား EV တွေကို ၂၀၁၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချခဲ့ပါတယ်။

တရုတ်ရဲ့ BYD ကုမ္ပဏီကလည်း ယာဉ်မောင်းသူကို အကူအညီပေးမှုအပါအဝင် လုပ်ဆောင်ချက်တွေကို ပြုပြင်မွမ်းမံနိုင်တဲ့ OS တစ်ခုကို တီထွင်ထုတ်လုပ်ခဲ့ပါတယ်။

Toyota Motor ဟာလည်း လာမယ့်နှစ်ကျရင် ကမ္ဘာတစ်ဝန်းမှာ ရောင်းချမယ့် မော်တော်ယာဉ်တွေမှာ သူ့ရဲ့ကိုယ်ပိုင် OS ကို ထည့်သွင်းဖို့ ရည်မှန်းထားပါတယ်။