အမေရိကန်တပ်ဖွဲ့တွေက F-35 တိုက်လေယာဉ်တွေကို ဂျပန့် Misawa အခြေစိုက်စခန်းမှာ ပထမဆုံးအကြိမ် ချထားမယ်

ဂျပန်နိုင်ငံ အခြေစိုက် နည်းဗျူဟာမြောက် လေယာဉ်တွေခေတ်မီတိုးတက်ရေး အစီအစဥ် တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံ မြောက်ပိုင်းက Misawa လေတပ်အခြေစိုက်စခန်းမှာ F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေ ချထားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

အမေရိကန်လေတပ်ဟာ Aomori ခရိုင်က Misawa အခြေစိုက်စခန်းမှာ လက်ရှိ ချထားတဲ့ F-16 တိုက်လေယာဉ် ၃၆ စင်းကို F-35 တိုက်လေယာဉ် ၄၈ စင်းနဲ့ အစားထိုးမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

F-35 တိုက်လေယာဉ်တွေဟာ အဆင့်မြင့် ရေဒါရှောင်လွှဲနိုင်စွမ်းနဲ့ ရန်သူရဲ့ ခြိမ်းခြောက်မှုတွေကို လျင်လျင်မြန်မြန် ထောက်လှမ်းဖို့ စနစ်တွေ တပ်ဆင်ထားတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။

ဂျပန့် လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ Misawa လေတပ်စခန်းမှာ F-35 တိုက်လေယာဉ်တွေကို ချထားပြီး ဖြစ်ပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါခရိုင်မှာရှိတဲ့ Kadena လေတပ်စခန်းက အသုံးပြုတာ ရပ်နားတော့မယ့် F-15 လေယာဉ် ၄၈ စင်းကို အစားထိုးဖို့အတွက် အဆင့်မြှင့်တင်ထားတဲ့ F-15 တိုက်လေယာဉ် ၃၆ စင်းကို အမေရိကန်လေတပ်က ချထားမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီအစီအစဉ်ဟာ အမေရိကန်-ဂျပန် မဟာမိတ် ဆက်ဆံရေးနဲ့ ဒေသတွင်း ဟန့်တားနိုင်စွမ်းကို မြှင့်တင်ပြီး အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုလည်း အားကောင်းလာစေမယ်လို့ အဲဲဒီဌာနက ပြောပါတယ်။

အဲဒီအစီအစဉ်ဟာ တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်မှုကို မြှင့်တင်ပေးပြီး အမေရိကန်တပ်ဖွဲ့တစ်ခုလုံးရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို အားကောင်းစေကာ ဂျပန်နဲ့အမေရိကန်တို့ မဟာမိတ်ဆက်ဆံရေး၊ ဟန့်တားနိုင်စွမ်းနဲ့ တုံ့ပြန်မှုစွမ်းရည်ကို ပိုမိုအားကောင်းစေမှာ ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။