တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်တို့နဲ့ လေးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ဂျပန် စီစဉ်နေ

လာမယ့်သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုမှာကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးရဲ့ ဘေးစည်းအဖြစ် တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio က စီစဉ်နေပါတယ်။

ဗုဒ္ဓဟူးနေ့က အစိုးရ အာဏာရအုပ်စု အစည်းအဝေးတစ်ခုမှာ မစ္စတာ Kishida က လာမယ့်သီတင်းပတ် ဝါရှင်တန်မှာ ကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးကို သူတက်ရောက်မှာဖြစ်ပြီး အဲဒီနောက် ဝန်ကြီးချုပ် Olaf Scholz နဲ့ အစည်းအဝေးတစ်ခုအတွက် ဂျာမနီကို သွားရောက်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရှိ နိုင်ငံတကာ အနေအထားတွေကို တုံ့ပြန်ရေးဆိုင်ရာ အခြေခံအုတ်မြစ်ချရေးအတွက် ဂျပန်-NATO ပူးပေါင်းဆောင်ရွက်မှုအပြင် ဂျပန်နဲ့ ဂျာမနီနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး အားကောင်းလာစေဖို့ မျှော်လင့်ကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

NATO ထိပ်သီးအစည်းအဝေးကို ဂျပန်နဲ့တကွ အင်ဒို-ပစိဖိတ်ဒေသက မိတ်ဖက်တွေအဖြစ်နဲ့ ဖိတ်ခေါ်ခံထားရတဲ့ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန်တွေက ထိပ်တန်းကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မစ္စတာ Kishida က စီစဉ်နေတယ်လို့ ဂျပန်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မစ္စတာ Kishida ဟာ အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဒီနိုင်ငံတွေနဲ့ မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုဖို့ ရည်ရွယ်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။