ရုရှားနဲ့ တရုတ် ဆက်ဆံရေး သမိုင်းမှာ အကောင်းဆုံးအနေအထားကို ရောက်နေတယ်လို့ ရုရှားသမ္မတဆို

ရုရှားသမ္မတ Vladimir Putin က အာရှအလယ်ပိုင်းက ကာဇက်စတန်နိုင်ငံမှာ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံချိန်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အရင်ကထက် ပိုကောင်းလာတယ်လို့ဆိုရင်း သူ့နိုင်ငံနဲ့ တရုတ်ရဲ့ ဆက်ဆံရေးကို အမွှမ်းတင်ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ကာဇက်စတန်နိုင်ငံရဲ့ မြို့တော် Astana မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဘေးစည်းအဖြစ် အဲဒီလို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ် အစိုးရတွေအကြားက ဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကာလမှာ ရောက်ရှိနေတယ်လို့ မစ္စတာ Putin က ဆွေးနွေးပွဲအဖွင့်မှာ ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတကာအသိုက်အဝန်းကို တည်ငြိမ်စေမယ့် အဓိကအချက်တွေထဲက တစ်ခုဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ယူကရိန်း အနေအထားနဲ့ ပတ်သက်ပြီး ဥရောပ၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုပြီးနက်ရှိုင်းလာနေတဲ့အကြား ရုရှားခေါင်းဆောင်က တရုတ်နဲ့ စည်းလုံးညီညွတ်ကြောင်း ပြသခဲ့ပါတယ်။

ဒီအတောအတွင်း မစ္စတာ Xi က တရုတ်နဲ့ ရုရှားတို့ဟာ ဘက်စုံမိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်း၊ ပြင်ပကဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တာတွေကို ဆက်လက်လုပ်ဆောင်သွားသင့်တယ်လို့ ဆိုရင်း ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားဖို့ အဆင်သင့်ရှိကြောင်း ပြသခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ နှစ်ဖက်စလုံးက အတူတကွ ကြိုးပမ်းသင့်ကြောင်း မစ္စတာ Xi က ပြောကြားခဲ့ပါတယ်။