ဝန်ထမ်း မလုံလောက်မှု ဖြေလျှော့နိုင်ရေး အင်ဒိုနီးရှားလူမျိုးတွေကို ပိုခန့်ဖို့ ဂျပန်ဟိုတယ်တွေ ကြိုးပမ်း

အင်ဒိုနီးရှားနဲ့ ဂျပန်တို့ဟာ ဂျပန်နိုင်ငံက ဟိုတယ်တွေမှာ အလုပ်လုပ်ကိုင်သူတွေ လုံလောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြီးဆုံးတဲ့နောက် ဂျပန်နိုင်ငံကို ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာတဲ့အတွက် နိုင်ငံရဲ့ ခရီးသွား လုပ်ငန်းမှာ လုပ်သားရှားပါးမှုနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

အင်ဒိုနီးရှားနဲ့ ဂျပန်အစိုးရတို့ဟာ ဂျပန်နိုင်ငံရဲ့ ဝန်ဆောင်မှုလုပ်ငန်း အားပေးရေးအတွက် ဂျကာတာမြို့မှာ ၂ ရက်ကြာ ပွဲကို အင်္ဂါနေ့မှာ စတင်ခဲ့ပြီး အဲဒီပွဲမှာ ဂျပန်နိုင်ငံတစ်ဝန်းက ဟိုတယ်ပေါင်း ၃၀ လောက် ပါဝင်ခဲ့ကြပါတယ်။

ဂျပန် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းရဲ့ ခန့်မှန်းချက်အရ မေလအတွင်းမှာ ဂျပန်နိုင်ငံကို ခရီးသွား ၃ သန်းကျော် လာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ပိုများခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်း ဝန်ထမ်းအများအပြား အလုပ်ထွက်ခဲ့ကြတယ်လို့ ဂျပန်နိုင်ငံတစ်ဝန်းက ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။ အခုအချိန်မှာ ခရီးသွားတွေ ပြန်ဝင်လာတဲ့အတွက် ဟိုတယ်တွေဟာ ဝန်ထမ်းအလုံအလောက်ရရှိဖို့ အပြင်းအထန် လုပ်ဆောင်နေကြရပါတယ်။

အဲဒီပွဲမှာ အင်ဒိုနီးရှားလူမျိုး အလုပ်ရှာဖွေသူတွေက လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး ဂျပန်ဟိုတယ်တွေရဲ့ ဝာာဝန်ရှိသူတွေကို တိုက်ရိုက်မေးမြန်းခဲ့ကြပါတယ်။

အင်ဒိုနီးရှား အလုပ်သမား စျေးကွက် စင်တာ အကြီးအကဲ Muhammad Yusuf က အင်ဒိုနီးရှားဟာ လူဦးရေ တိုးလာနေတဲ့ ခေတ်ကို ရောက်နေတာကြောင့် လူ့အဖွဲ့အစည်းမှာ သက်ကြီးရွယ်အိုတွေ များပြားလာနေတဲ့ ဂျပန်နိုင်ငံအတွက် အလားအလာ ရှိတယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။