ပယ်ဖျက်လိုက်ပြီဖြစ်တဲ့ လူသားသန့်ကာကွယ်ရေးဥပဒေဟာ ဖွဲ့စည်းပုံဥပဒေနဲ့မကိုက်ညီဟု ဂျပန်တရားရုံးချုပ် ဆုံးဖြတ်ချက်ချ

မသန်စွမ်းသူတွေကို သားကြောဖြတ်ခွဲစိတ်မှု ခံယူဖို့ တွန်းအားပေးတဲ့ ပယ်ဖျက်လိုက်ပြီဖြစ်တဲ့ လူသားသန့်ကာကွယ်ရေးဥပဒေ Eugenic Protection Law ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘူးလို့ ဂျပန်တရားရုံးချုပ်က ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အတင်းအကျပ်သားကြောဖြတ်ခံရသူတွေက အဲဒီလို ခွဲခြားဆက်ဆံခံရမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ဆိုပြီး အစိုးရဆီကနေ နစ်နာကြေးရယူလိုမှုနဲ့ ဂျပန်တစ်ဝန်းမှာ တရားစွဲဆိုခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က Sapporo၊ Sendai၊ Tokyo နဲ့ Osaka က အထက်တရားရုံးတွေရဲ့ စီရင်ချက် ၅ ရပ်အပေါ် တရားရုံးချုပ်ရဲ့ တရားသူကြီးအဖွဲ့ က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

တရားသူကြီးချုပ် Tokura Saburo က ပယ်ဖျက်လိုက်တဲ့အဲဒီဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘူးလို့ ကြေညာခဲ့ပြီး အမှု ၄ ခုကိုနစ်နာကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။

အထက်တရားရုံးက တရားလိုရဲ့တောင်းဆိုမှုကို ပယ်ချခဲ့တဲ့ Sendai ကအမှုကိုတော့ အောက်တရားရုံးထံ ပြန်ပေးပို့ခဲ့ပါတယ်။

လူသားသန့်ကာကွယ်ရေးဥပဒေဟာ ၁၉၉၆ ခုနှစ် ဖျက်သိမ်းချိန်အထိ ၄၈ နှစ်ကြာ အသက်ဝင်ခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ဥာဏ်ရည်မသန်စွမ်းသူတွေရဲ့ ခန္ဓာကိုယ်တွင်းက မျိုးဆက်ပွားလုပ်ဆောင်ချက်တွေကို ဖယ်ရှားပစ်ဖို့ အဲဒီဥပဒေက ဆရာဝန်တွေကို ခွင့်ပြုခဲ့ပါတယ်။

ခွဲစိတ်မှုခံယူပြီးနောက်ပိုင်း သက်တမ်းတိုးကာလဖြစ်တာကြောင့် နစ်နာကြေးပေးဖို့ တာဝန်မရှိဘူးလို့ အစိုးရက ပြန်ချေပခဲ့ပါတယ်။