အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ဖြစ်ရပ် နောက်ထပ် ၃ ခုကို ဂျပန်ထုတ်ဖော်ပြောဆို

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူက အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ဖြစ်ရပ် နောက်ထပ် (၃)ခုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အိုကီနာဝါခရိုင်မှာ လိင်ပိုင်းဆိုင်ရာစော်ကားတယ်လို့ စွပ်စွဲထားတဲ့အမှု ၂ခု ပေါ်ထွက်လာခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က သတင်းထောက်တွေကို အဲဒီလို ပြောကြားခဲ့ပါတယ်။

အမေရိကန်လေတပ်က တပ်ဖွဲ့ဝင်တစ်ဦးဟာ ဒီဇင်ဘာလတုန်းက အသက်မပြည့်သေးတဲ့ မိန်းကလေးကို ပြန်ပေးဆွဲခဲ့ပြီးလိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ မတ်လမှာစွဲချက်တင်ခံခဲ့ရပြီး အမေရိကန်မရိန်းတပ်သားတစ်ဦးကတော့ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ကြိုးပမ်းမှု၊ ထိခိုက်ဒဏ်ရာရစေမှုတို့နဲ့ ပြီးခဲ့တဲ့လက စွဲချက်တင်ခံထားရတယ် ဆိုတဲ့ ဖြစ်ရပ်တွေဟာ ရှေ့သီတင်းပတ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

အစိုးရဟာ အဲဒီဖြစ်ရပ်တွေကို မကြာသေးခင်အချိန်အထိ လူသိရှင်ကြား မထုတ်ပြန်ခဲ့ရုံမက ခရိုင်တာဝန်ရှိသူတွေဆီ အကြောင်းကြားဖို့ပါ ပျက်ကွက်ခဲ့ပါတယ်။

အသစ်ပေါ်ပေါက်လာတဲ့ဖြစ်ရပ် ၃ ခုထဲက တစ်ခုမှာ အမေရိကန်စစ်တပ်အရာရှိဟာ ခွင့်ပြုချက်မရှိဘဲ ကာမဆက်ဆံ‌မှု ပြုမူနေတယ်လို့ သံသယရှိရကြောင်း မစ္စတာ Hayashi က ပြောကြားခဲ့ပါတယ်။

ဖြစ်ရပ်နှစ်ခုက မနှစ်ကဖေဖော်ဝါရီလနဲ့ သြဂုတ်လတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်တစ်ခုကတော့ ဇန်နဝါရီလက ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ သံသယရှိခံရသူ တစ်ဦးတစ်ယောက်ကိုမှ စွဲချက်မတင်ထားဘူးလို့ သူက ပြောပါတယ်။

မစ္စတာ Hayashi က အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေဟာ အလွန်ဝမ်းနည်းစရာကောင်းတယ်လို့ ဆိုပါတယ်။

အဲဒီလို ဖြစ်ရပ်တွေကို ကာကွယ်တားဆီးဖို့ အစိုးရအနေနဲ့ အမေရိကန်ကို ဆက်ပြီးတောင်းဆိုသွားမှာဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။