နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ငွေစက္ကူသစ် ဂျပန်ထုတ်

ဂျပန်မှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ငွေစက္ကူသစ်တွေကို ဗုဒ္ဓဟူးနေ့က စတင် ထုတ်ဝေလိုက်ပါတယ်။

ငွေစက္ကူသစ်ထုတ်ဝေတဲ့အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ Nihonbashi ရပ်ကွက်မှာရှိတဲ့ ဂျပန်ဗဟိုဘဏ် BOJ ရုံးချုပ်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဗဟိုဘဏ်ဥက္ကဋ္ဌ Ueda Kazuo က BOJ ဟာ ယန်းငွေ ၁.၆ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၉.၉ ဘီလီယံလောက် တန်ဘိုးရှိတဲ့ငွေစက္ကူသစ်တွေကို ဒီနေ့ကစပြီး လည်ပတ်ဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

မနက် ၈ နာရီထိုးပြီးပြီးချင်းမှာ BOJ ကနေ ငွေစက္ကူသစ်တွေကို အသုတ်လိုက် ဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ယန်း ၁၀၀၀၀ တန် ငွေစက္ကူသစ်ရဲ့ မျက်နှာစာမှာ ခေတ်သစ် ဂျပန်စီးပွားရေး ဖခင်ကြီးလို့ လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် Shibusawa Eiichi ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ စီးပွားရေးလုပ်ငန်း ၅၀၀ လောက် စတင်တာ ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ယန်း ၅၀၀၀ တန် ငွေစက္ကူသစ်မှာတော့ ဂျပန်အမျိုးသမီးတွေအကြား ပထမဆုံး နိုင်ငံခြားပညာတော်သင်သွားခဲ့သူတွေထဲက တစ်ဦးဖြစ်သူ မီးစ် Tsuda Umeko ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။

ယန်း ၁၀၀၀ တန် ငွေစက္ကူသစ်ကတော့ မေးခိုင်ရောဂါကုထုံးကို စမ်းသပ်တီထွင်ခဲ့သူ ဘက်တီးရီးယားဆိုင်ရာပညာရှင် Kitasato Shibasaburo ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။

ငွေစက္ကူတွေကိုအတုလုပ်ဖို့ ပိုမိုခက်ခဲစေဖို့အတွက် အခုနောက်ဆုံး ပြန်ရေးဆွဲထားတဲ့ဒီဇိုင်းသစ်မှာ နောက်ဆုံးပေါ် ဟိုလိုဂရမ်နည်းပညာကို ထည့်သွင်းထားပါတယ်။ ကမ္ဘာတစ်ဝန်းအသုံးပြုနေတဲ့ငွေစက္ကူတွေပေါ်မှာ အဲဒီနည်းပညာကိုအသုံးပြုထားတာဟာ ဒါ ပထမဆုံးဖြစ်တယ်လို့ နိုင်ငံ့ပုံနှိပ်ရေးဗျူရိုက ပြောကြားခဲ့ပါတယ်။