အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးဝါးအသစ် donanemab ကို အမေရိကန် အာဏာပိုင်တွေ အတည်ပြု

အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဟာ အယ်လ်ဇိုင်းမားရောဂါအတွက် ဆေးဝါးအသစ်တစ်မျိုးကို အတည်ပြုလိုက်ပါတယ်။

အဲဒီဆေးဟာ ရောဂါအခြေအနေ မဆိုးဝါးသွားအောင် ကာကွယ်ရာမှာ ထိရောက်တယ်လို့ အတည်ပြုထားပါတယ်။

Donanemab ဆိုတဲ့ အဲဒီဆေးရဲ့ ထိရောက်မှုကို လက်တွေ့စမ်းသပ်မှုတွေကတစ်ဆင့် အတည်ပြုနိုင်ခဲ့တယ်လို့ FDA က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီဆေးကို အမေရိကန်ဆေးကုမ္ပဏီကြီး Eli Lilly က ထုတ်လုပ်ခဲ့ပါတယ်။

Amyloid beta ခေါ် ပုံမှန်မဟုတ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဟာ အယ်လ်ဇိုင်းမားရောဂါသည်တွေရဲ့ ဦးနှောက်ထဲမှာ စုပြုံလာတတ်တယ်လို့ သိထားကြပါတယ်။ အဲဒီပရိုတင်းဓာတ်ဟာ အာရုံကြောဆဲလ်တွေကို ဖျက်ဆီးပစ်ပြီး ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်လို့ ယူဆရပါတယ်။

Donanemab ဟာ အဲဒီပရိုတင်းဓာတ်နဲ့ ပေါင်းစပ်ပြီးနောက် ပရိုတင်းဓာတ်ကို ဖယ်ရှားပေးတဲ့ ပဋိဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

FDA က "အယ်လ်ဇိုင်းမားရောဂါဟာ လူနာတွေနဲ့ သူတို့ချစ်ရတဲ့သူတွေကို အင်မတန် အခက်တွေ့စေတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်" လို့ ပြောပါတယ်။ "ဒီနေ့ အဲဒီဆေးဝါးကို အတည်ပြုလိုက်တာဟာ အယ်လ်ဇိုင်းမားရောဂါကို ကုသရာမှာ ဘေးကင်းစိတ်ချရပြီး ထိရောက်မှု ရှိတဲ့ ဆေးဝါးတွေကို ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်အောင် ပံ့ပိုးကူညီရေး FDA ရဲ့ ကတိကဝတ်ကို သက်သေပြလိုက်တာပဲ ဖြစ်တယ်" လို့လည်း ဆိုပါတယ်။

Eli Lilly ဟာ ဂျပန်မှာ အဲဒီဆေးဝါးအတွက် အတည်ပြုချက်ရရှိဖို့ ပြီးခဲ့တဲ့နှစ်က လျှောက်ထားခဲ့ပါတယ်။