အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံတန်ဖိုးရှိ လုံခြုံရေးဆိုင်ရာအထောက်အပံ့အစီအစဉ် ယူကရိန်းကို ပေးဖို့ရှိဟု အမေရိကန်ဆို

ယူကရိန်းကို အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော်တန်ဖိုးရှိ လုံခြုံရေးဆိုင်ရာအထောက်အပံ့အစီအစဉ်‌ ပေးမယ်ဆိုတာကို အမေရိကန်က မကြာခင် ကြေညာမှာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ပင်တဂွန်စစ်ဌာနချုပ်မှာပြုလုပ်တဲ့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov နဲ့ တွေ့ဆုံပွဲမတိုင်ခင် မစ္စတာ Austin က အဲဒီအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ရုရှားရဲ့ရန်လိုမှုကို ပြန်တွန်းလှန်ဖို့နဲ့ နောက်အခါမှာ ရုရှားရဲ့ရန်လိုမှုကို ဟန့်တားနိုင်ဖို့အတွက် ယူကရိန်းကလိုအပ်မယ့် အရေးပါတဲ့စွမ်းရည်တွေကို အမေရိကန်က ဆက်လက်ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ မစ္စတာ Austin က ပြောကြားခဲ့ပါတယ်။

အဲဒီအစီအစဉ်ထဲမှာ လေကြောင်းရန်ကာကွယ်ရေးကြားဖြတ်စနစ်တွေနဲ့ တခြားအရေးပါတဲ့ လက်နက်ခဲယမ်းတွေ ပါဝင်မှာဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

လာမယ့်သီတင်းပတ် ဝါရှင်တန်မှာပြုလုပ်မယ့် NATO ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မစ္စတာ Austin ရဲ့ထုတ်ဖော်ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ယူကရိန်းခေါင်းဆောင်တွေဟာ ယူကရိန်းအတွက် ပံ့ပိုးကူညီမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ Umerov က အထောက်အပံ့အစီအစဉ်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာ အနာဂတ်မှာ နေတိုးအဖွဲ့ဝင် ဖြစ်လာနိုင်မယ့်နည်းလမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့မျှော်လင့်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။