ဂါဇာဆေးရုံညွှန်ကြားရေးမှူးကို အစ္စရေးက ပြန်လွှတ်ပေး

အစ္စရေးဟာ ပါလက်စတိုင်းအကျဉ်းသား ၅၀ ကျော်ကို တနင်္လာနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီအထဲမှာ ဟားမတ်စ်ရဲ့ ကွပ်ကဲရေးစင်တာအဖြစ် အသုံးပြုခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ဆိုတဲ့ ဆေးရုံတစ်ရုံရဲ့ ညွှန်ကြားရေးမှူး ပါဝင်ပါတယ်။

လူတွေ ပြည့်ကျပ်နေတဲ့ ထိန်းသိမ်းရေးစင်တာတွေကို နေရာလွတ်သွားအောင် အဲဒီလို လုပ်ခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ထိန်းသိမ်းခံခဲ့ရသူတွေထဲမှာ Al-Shifa ဆေးရုံရဲ့ ညွှန်ကြားရေးမှူး Muhammad Abu Salmiya လည်း ပါဝင်ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေက အဲဒီဆေးရုံထဲ ဝင်စီးခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာလမှာ သူ ဖမ်းဆီးခံခဲ့ရပါတယ်။

လွတ်မြောက်လာခဲ့တဲ့ မစ္စတာ Abu Salmiya က သူဟာ နေ့စဉ်နေ့တိုင်း ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ တာဝန်ရှိသူတွေဟာ နေ့စဉ် အကျဉ်းခန်းတွေထဲ ဝင်ရောက်ပြီး အကျဉ်းသားတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မစ္စတာ Abu Salmiya ဟာ တရားစွဲဆိုခြင်းမရှိ၊ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီဆေးရုံကို စစ်ရေးအတွက် ရည်ရွယ်အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သူက ပယ်ချခဲ့ပါတယ်။

ဒီအတောအတွင်း အစ္စရေးခေါင်းဆောင်တွေက ဂါဇာမှာ ရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေဟာ လက်နက်တီထွင်ဖို့နဲ့ သိုလှောင်ဖို့အတွက် အသုံးပြုတဲ့ နေရာတွေကို ဝင်ရောက်စီးနင်းခဲ့ချိန်အတွင်း စစ်သွေးကြွ ၂၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ "အကြမ်းဖက်စစ်တပ် ဟားမတ်စ်" ကို ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအပိုင်းကို ဦးတည်ပြီး ဆောင်ရွက်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ကျန်နေသေးတဲ့ ဟားမတ်စ်အဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်မှာ ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။