Noto ဒေသက ယာယီအိမ်ရှိတဲ့ နေရာ ၄၀ ရာခိုင်နှုန်းကျော်ဟာ မြေပြိုမှုနဲ့ ရေကြီးမှုအန္တရာယ်ကို ကြုံရနိုင်

နှစ်ဆန်းတစ်ရက်နေ့က Noto ကျွန်းဆွယ်နဲ့ အနီးတစ်ဝိုက်ဧရိယာတွေမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ ပြည်သူတွေအတွက် ဆောက်လုပ်ထားတဲ့ ယာယီအိမ်နေရာ ၄၀ ရာခိုင်နှုန်းကျော်ဟာ မြေပြိုမှုနဲ့ ရေကြီးမှုအန္တရာယ်ကို ကြုံရနိုင်တယ်လို့ NHK က သတင်းရရှိခဲ့ပါတယ်။

မိုးရွာသွန်းမှုကြောင့် ဖြစ်တဲ့ ဘေးအန္တရာယ်တွေကို အဲဒီယာယီအိမ်တွေ ကြုံရနိုင်ခြေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လက Noto ဒေသက မြို့ ၉ မြို့ကို NHK က စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲဒီဧရိယာမှာ မိုးရွာသီဟာ ဇွန်လ ၂၂ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

အဲဒီစစ်တမ်းအရ ယာယီအိမ်ဆောက်ဖို့ စီစဉ်ထားတဲ့ နေရာအပါအဝင် နေရာပေါင်း ၁၅၉ ခုထဲက ၄၂ ရာခိုင်နှုန်းဟာ ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ်ကြုံရနိုင်တဲ့ ဧရိယာတွေမှာ ရှိတယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ ၄၈ နေရာဟာ ရေကြီးမှုအန္တရာယ်နဲ့ ကြုံရနိုင်ပြီး ၂၉ နေရာကတော့ မြေပြိုမှုအန္တရာယ်နဲ့ ကြုံရနိုင်ပါတယ်။ တချို့ကတော့ ရေကြီးမှုနဲ့ရော မြေပြိုမှုနဲ့ပါ ကြုံရနိုင်ပါတယ်။

မြို့တွေရဲ့ ပြောဆိုချက်အရ အဲဒီလို အန္တရာယ်များတဲ့ နေရာတွေကို ရွေးချယ်ရတဲ့ အကြောင်းရင်းတွေထဲမှာ မြေနေရာ ရရှိဖို့ ခက်ခဲတာ၊ နေထိုင်ဖို့ အဆင်မပြေတာနဲ့ တိမ်းရှောင်သူတွေရဲ့ ဆန္ဒပြင်းပျမှုတို့ ပါဝင်တယ်လို့ သိရပါတယ်။

တိမ်းရှောင်သူတွေကို ကြုံတွေ့ရနိုင်တဲ့ ဘေးအန္တရာယ်တွေကနေ ကာကွယ်ဖို့ အစီအမံတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မြို့အများအပြားက ဘေးအန္တရာယ်ပြမြေပုံတွေကို ဖြန့်ဝေခဲ့တယ်လို့ ပြောပါတယ်။

တချို့မြို့တွေကတော့ ဒေသခံတွေကို သူတို့ မရွှေ့ပြောင်းခင်မှာ တိမ်းရှောင်ရာနေရာနဲ့ လမ်းကြောင်းတွေနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ပေးဝေတယ်လို့ ပြောပါတယ်။