၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ဂျပန်ရဲ့အခွန်ဝင်ငွေ စံချိန်တင်မြင့်မား

ဂျပန်နိုင်ငံရဲ့ အခွန်ဝင်ငွေဟာ လေးနှစ်ဆက်တိုက် စံချိန်တင် မြင့်မားခဲ့ပါတယ်။ ဒီလိုမြင့်တက်လာတာရဲ့ အများစုဟာ စွမ်းဆောင်ရည်အားကောင်းတဲ့ ကုမ္ပဏီတွေဆီက ဖြစ်ပါတယ်။

၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အခွန်ရငွေ စုစုပေါင်းဟာ ယန်း ၇၂ ထရီလီယံလောက် တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၆ ဘီလီယံလောက်ရှိတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ယန်း ၇၀ ထရီလီယံကို ကျော်လွန်တာဟာ ၂ နှစ်ဆက်တိုက်ဖြစ်ပါတယ်။

ဒီပမာဏဟာ နောက်ဆက်တွဲဘတ်ဂျက်ကို ပြုစုနေချိန် မနှစ်က နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ခန့်မှန်းပမာဏထက် ယန်း ၂ ထရီလီယံလောက် ပိုများပါတယ်။

ယန်းငွေတန်ဖိုး အားနည်းမှုကြောင့် ပို့ကုန်ဦးစားပေးကုမ္ပဏီတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေက အားကောင်းတဲ့ရလဒ်တွေကို အစီရင်ခံခဲ့တာကြောင့် ကုမ္ပဏီတွေဆီက အခွန်ဝင်ငွေ တိုးလာခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုကလည်း နောက်ထပ် အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ မြင့်တက်လာတဲ့စျေးနှုန်းတွေက စားသုံးခွန်ကနေရတဲ့ဝင်ငွေကို မြင့်တက်လာစေခဲ့ပါတယ်။

ဒါပေမဲ့ ဂျပန်ဟာ တင်းကျပ်တဲ့ဘဏ္ဍာရေးအခြေအနေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ၀င်ငွေမလုံလောက်တာကို ကာမိစေဖို့ အစိုးရဟာ ငွေချေးစာချုပ်တွေကို ထုတ်ဝေနေရပါတယ်။

နောက်ဆက်တွဲဘတ်ဂျက်အပါအဝင် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အစိုးရရဲ့ ဘတ်ဂျက်ဟာ စုစုပေါင်း ယန်း ၁၂၇ ထရီလီယံကျော် တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၇၈၆ ဘီလီယံကျော်ရှိပါတယ်။