ဟောင်ကောင်ကို တရုတ်ဆီ လွှဲပြောင်းပေးခဲ့တာ ၂၇ နှစ်ပြည့်

ဟောင်ကောင်ကို ဗြိတိန်ကနေ တရုတ်ဆီ လွှဲပြောင်းပေးခဲ့တာ ၂၇ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ နှစ်ပတ်လည်နေ့မှာ တရုတ်အစိုးရဟာ ပန်ဒါဝက်ဝံနှစ်ကောင်ကို လက်ဆောင်အဖြစ် ပေးအပ်မှာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး John Lee က ပြောပါတယ်။

ဟောင်ကောင်အစိုးရဟာ အဲဒီနှစ်ပတ်လည်နေ့အတွက် အခမ်းအနားကို တနင်္လာနေ့မှာ ကျင်းပခဲ့ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ အစိုးရအရာရှိတွေ ရှေ့မှောက်မှာ တရုတ်အလံနဲ့ ဟောင်ကောင်အလံကို လွှင့်ထူခဲ့ပါတယ်။

မစ္စတာ Lee က မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံ့လုံခြုံရေးကို အန္တရာယ်ပြုတဲ့ လုပ်ရပ်တွေကို နှိမ်နင်းတဲ့ နိုင်ငံ့လုံခြုံရေး ကာကွယ်ရေးအမိန့်ကို မတ်လမှာ ချမှတ်ခဲ့တာအပါအဝင် သူ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အလေးပေးပြောကြားခဲ့ပါတယ်။

ဟောင်ကောင်အနေနဲ့ တည်ငြိမ်မှုကနေ သာယာဝပြောမှုအဆင့်ကို ကူးပြောင်းချိန်ရောက်ပြီလို့ သူက ပြောပါတယ်။

အဲဒီနောက် မစ္စတာ Lee က "ဟောင်ကောင်အနေနဲ့ ကမ္ဘာကြီးနဲ့ အနီးကပ် အဆက်အသွယ်ရှိတဲ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ ခိုင်မာတဲ့ အထောက်အပံ့တွေကို ရနိုင်တဲ့ ထူးခြားတဲ့ အကျိုးခံစားခွင့်တွေ ရှိတယ်" လို့ ပြောပါတယ်။

အရင်က လွှဲပြောင်းပေးအပ်ရေးနှစ်ပတ်လည်နေ့တွေမှာတော့ တရုတ်အစိုးရကို ဝေဖန်တဲ့ ဒီမိုကရေစီလိုလားသူတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ်က ဟောင်ကောင်အတွက် ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံ့လုံခြုံရေးဥပဒေက ၂၀၂၀ ပြည့်နှစ်မှာ အသက်ဝင်လာပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေဟာ ပြင်းပြင်းထန်ထန် နှိမ်နင်းခံခဲ့ရပါတယ်။