ဂျပန်နိုင်ငံရဲ့ အထင်ကရ H3 ဒုံးပျံက ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ ပို့ဆောင်ခဲ့

ဂျပန်နိုင်ငံရဲ့ အထင်ကရ H3 ဒုံးပျံသစ်ကို တတိယအကြိမ်မြောက် လွှတ်တင်ခဲ့ပြီး ကမ္ဘာမြေစူးစမ်းလေ့လာရေး ဂြိုဟ်တုတစ်ခုကို ပတ်လမ်းထဲ အောင်အောင်မြင်မြင်နဲ့ ပို့ဆောင်နိုင်ခဲ့ပါတယ်။

ဒီဒုံးပျံကို တနင်္လာနေ့မွန်းတည့်ပြီး မကြာခင်မှာ ခါဂိုးရှီမ ခရိုင် Tanegashima အာကာသစင်တာကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

H3 ဒုံးပျံဟာ လွှတ်တင်ပြီး ၁၇ မိနစ်လောက်အကြာမှာ စီစဉ်ထားတဲ့ Daichi-4 ဂြိုဟ်တုကို ခွဲမထုတ်ခင် ဒီဒုံးပျံဟာ သူ့ရဲ့ တွန်းအားမြှင့် ရော့ကက်တွေနဲ့ ပထမအဆင့်အင်ဂျင်ကို ဖြုတ်ချခဲ့ပါတယ်။

ရေဒါနည်းပညာကိုအသုံးပြုတဲ့ Daichi-4 ဂြိုဟ်တုကို ဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ စောင့်ကြည့်လေ့လာရေးနဲ့ မီးတောင်လှုပ်ရှားမှုဆိုင်ရာ ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေကို အလျင်အမြန်သိရှိရေးတွေအတွက် အသုံးပြုဖို့ မျှော်လင့်ထားပါတယ်။

H3 ဒုံးပျံကို ဂျပန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) နဲ့ Mitsubishi Heavy Industries တို့က တီထွင်ထုတ်လုပ်နေပါတယ်။

ပြီးခဲ့သောနှစ်မှာ ပထမဆုံး H3 ဒုံးပျံလွှတ်တင်မှု မအောင်မမြင်ဖြစ်ခဲ့ပြီး အဲဒီဒုံးပျံက သယ်ဆောင်ခဲ့တဲ့ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု Daichi-3 ကို ဆုံးရှုံးခဲ့ရပါတယ်။

တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် လွှတ်တင်မှု အောင်မြင်ခဲ့ပါတယ်။

အခုတစ်ကြိမ် တတိယမြောက် လွှတ်တင်မှုမှာတော့ ကြီးမားတဲ့ဂြိုဟ်တုကို ပတ်လမ်းထဲ ပထမဆုံး အောင်အောင်မြင်မြင်နဲ့ ပို့ဆောင်နိုင်ခဲ့ပါတယ်။

၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ အကြိမ် ၅၀ လွှတ်တင်ခဲ့ပြီးနောက် အနားပေးဖို့ စီစဉ်ထားတဲ့ လက်ရှိ အဓိကအသုံးပြုနေတဲ့ H2A ဒုံးပျံရဲ့ နေရာမှာ H3 ဒုံးပျံကို ၂၀၂၅ ဘဏ္ဍာရေးနှစ်ကျရင် အပြည့်အဝအစားထိုးဖို့ မျှော်လင့်ထားပါတယ်။

JAXA က တစ်နှစ်မှာ H3 ဒုံးပျံ ၆ စင်း ပစ်လွှတ်ဖို့ ရည်မှန်းထားပါတယ်။