Tankan စစ်တမ်းအရ အဓိက ကုန်ထုတ်လုပ်သူတွေရဲ့ အနာဂတ်အလားအလာ သဘောထားအမြင် တိုးတက်ကောင်းမွန်လာ

ဂျပန်ဗဟိုဘဏ် (BOJ) ရဲ့ နောက်ဆုံးထုတ် Tankan စစ်တမ်းအရ အကြီးစား ကုန်ထုတ်လုပ်သူတွေအကြားမှာ စီးပွားရေးအလားအလာဆိုင်ရာ သဘောထားအမြင်ဟာ သုံးလပတ် ၂ ခုအတွင်းမှာ ပထမဦးဆုံးအဖြစ် မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဧပြီလကနေ ဇွန်လအထိ သုံးလပတ်မှာ အဲဒီသဘောထားအမြင် အညွှန်းကိန်းဟာ အရင်တစ်ကြိမ်စစ်တမ်းတုန်းကထက် ၂ မှတ် မြင့်တက်လာပြီး အပေါင်း ၁၃ ရှိပါတယ်။
အပြုသဘောဆောင်တဲ့ ကိန်းဂဏန်းဆိုတာဟာ လုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီး အဆိုးမြင်တဲ့ ကုမ္ပဏီတွေထက် အကောင်းမြင်တဲ့ ကုမ္ပဏီတွေက ပိုများတာကို ညွှန်ပြပါတယ်။

အပြုသဘောဆောင်စေတဲ့ အကြောင်းရင်းတွေထဲမှာ ကုန်ကြမ်းထုတ်လုပ်သူတွေအကြား မြင့်မားလာတဲ့ကုန်ကျစရိတ်တွေကို ဖောက်သည်တွေဆီ လွှဲပြောင်းကျခံစေတာတွေ တိုးလာတာလည်း ပါဝင်ပါတယ်။

ဉာဏ်ရည်တုကို အားဖြည့်ပေးတဲ့ ချစ်ပ်တွေရဲ့ဝယ်လိုအား တိုးလာတာကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုဟာလည်း ပြန်ပြီးကောင်းမွန်လာခဲ့ပါတယ်။

တစ်ဖက်မှာ သံနဲ့သံမဏိကဏ္ဍမှာ သဘောထားအမြင်တွေ သိသိသာသာ ဆိုးရွားလာခဲ့ပြီး ဒါဟာ အဓိကအားဖြင့် တရုတ်ရဲ့စီးပွားရေး ထိုင်းမှိုင်းမှုနဲ့ ယန်းငွေ အားနည်းတာကြောင့် ကုန်ကြမ်းဆိုင်ရာ ကုန်ကျစရိတ်မြင့်တက်တာတွေကြောင့် ဖြစ်ပုံရပါတယ်။

ဒီအတောအတွင်း ကုန်ထုတ်လုပ်ငန်းမဟုတ်တဲ့ ကြီးမားတဲ့ ကုမ္ပဏီတွေရဲ့ သဘောထားအမြင်အညွှန်းကိန်းဟာလည်း အပေါင်း ၃၃ မှာ ရှိနေပါတယ်။ ဒါဟာ မြင့်မားနေပေမဲ့လည်း သုံးလပတ် ၁၆ ခုအတွင်း ပထမဆုံး ၁ မှတ် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
လက်လီရောင်းချသူတွေရဲ့ သဘောထားအမြင်တွေကတော့ အထူးသဖြင့် သိသိသာသာ ကျဆင်းသွားပြီး ၁၂ မှတ် ကျဆင်းခဲ့ပါတယ်။

လာမယ့် ၃ လအတွက် ခန့်မှန်းချက်မှာတော့ အကြီးစား ကုန်ထုတ်လုပ်သူတွေရဲ့ သဘောထားအမြင်ဟာ ၁ မှတ် မြင့်တက်မယ်လို့ ခန့်မှန်းရပြီး ကုန်ထုတ်လုပ်သူမဟုတ်တဲ့ ကြီးမားတဲ့ကုမ္ပဏီတွေကတော့ ၆ မှတ်အထိ ကျဆင်းဖွယ်ရှိပါတယ်။

အခုနောက်ဆုံး Tankan စစ်တမ်းကို ဇွန်လအထိ တစ်လလောက်ကာလအတွင်း ကုမ္ပဏီပေါင်း ၉,၀၀၀ ကျော်ဆီက ကောက်ယူခဲ့တာဖြစ်ပါတယ်။