ဂျပန်အနောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ဒေသအလိုက် မိုးရွာနိုင်တယ်လို့ ခန့်မှန်း

ဂျပန်နိုင်ငံအနောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ အင်္ဂါနေ့အထိ ဒေသအလိုက် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ရာသီဥတုဆိုင်ရာတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြေပြိုတာ၊ ရေကြီးတာနဲ့ မြစ်ရေလျှံတာတွေကို သတိပြုကြဖို့ သူတို့က တိုက်တွန်းထားပါတယ်။

ပူနွေးပြီး စိုစွတ်တဲ့လေထုဟာ ပင်မကျွန်းကြီးဖြစ်တဲ့ ဟွန်ရှူးကျွန်းအနီးက မိုးရွာသွန်းစေတဲ့ ရပ်ဝန်းဆီ စီးဝင်နေတာနဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုတို့ကြောင့် ဂျပန်အနောက်ပိုင်းကနေ အရှေ့ပိုင်းအထိ လေထုအခြေအနေဟာ အလွန်မတည်မငြိမ်ဖြစ်နေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။

Fukuoka ခရိုင် Ukiha မြို့မှာ မနက် ၁၁ နာရီအထိ တစ်နာရီအတွင်း မိုးအကြီးအကျယ်ရွာသွန်းခဲ့ပြီး ၇၀ မီလီမီတာ အထိ ရှိခဲ့ပါတယ်။ Ehime ခရိုင်၊ Touon မြို့မှာ ၃၄ မီလီမီတာရှိခဲ့တယ်လို့ မြေယာဝန်ကြီးဌာနက တိုင်းတာရရှိခဲ့ပါတယ်။
Fukuoka ၊ Oita ၊ Saga ၊ Yamaguchi ၊ Shimane နဲ့ Nagano ခရိုင်တွေမှာ မြေပြိုမယ့်အန္တရာယ် သိသိသာသာ မြင့်တက်လာပါတယ်။ အဲဒီခရိုင်တွေရဲ့ တချို့နေရာတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားနိုင်ပါတယ်။

အင်္ဂါနေ့ညနေအထိ ၂၄ နာရီအတွင်း Chugoku ဒေသမှာ မိုးရေချိန် ၁၅၀ မီလီမီတာအထိ Kinki ဒေသမှာ ၁၂၀ မီလီမီတာ ရွာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Kyushu မြောက်ပိုင်းမှာ ၁၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ပြီး Tokai နဲ့ Shikoku ဒေသတွေမှာ ၈၀ မီလီမီတာအထိ၊ Hokuriku ဒေသမှာတော့ ၆၀ မီလီမီတာ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်။