ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ဂါဇာကို တိုက်ခိုက်ဖို့ သန္နိဋ္ဌာန်ကို အစ္စရေးဝန်ကြီးချုပ် အလေးပေးပြောကြား

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဟားမတ်စ်အဖွဲ့ကို ရှင်းလင်းဖယ်ရှားရေး အပါအဝင် အစ္စရေးရဲ့ ရည်မှန်းချက်အားလုံး မအောင်မြင်မချင်း ဂါဇာကမ်းမြောင်ဒေသမှာ အဲဒီအဖွဲ့ကို တိုက်ခိုက်မယ်ဆိုတဲ့ သူ့ရဲ့သန္နိဋ္ဌာန်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။ ဂါဇာမြောက်ပိုင်းမှာ လူ ၄ ဦးသေဆုံးပြီး စိုက်ပျိုးမြေတွေ ပျက်စီးသွားတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၇,၈၇၇ ဦးအထိ တိုးလာတယ်လို့ ဒေသန္တရကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ မြောက်ဘက်မှာ Shejaiya ၊ တောင်ဘက်မှာ Rafah နဲ့ "ဂါဇာကမ်းမြောင်က နေရာတိုင်းမှာ" စစ်ဆင်ရေးလုပ်ဆောင်နေတယ်လို့ မစ္စတာ Netanyahu က ပြောပါတယ်။ ဒါအပြင် “နေ့စဉ် ဒါဇင်နဲ့ချီတဲ့ အကြမ်းဖက်သမားတွေကို သုတ်သင်ရှင်းလင်းနေတယ်” လို့လည်း သူက ပြောပါတယ်။

ဟားမတ်စ်တွေကို ချေမှုန်းဖို့နဲ့ ဓားစာခံအားလုံး ပြန်လာဖို့ အပါအဝင် သူတို့ရဲ့ ရည်မှန်းချက်အားလုံး မအောင်မြင်မချင်း အစ္စရေးက ဒီတိုက်ခိုက်မှုတွေကို အဆုံးသတ်မှာမဟုတ်ကြောင်း မစ္စတာ Netanyahu က အလေးပေးပြောကြားခဲ့ပါတယ်။

ဇွန်လအနှောင်းပိုင်းက အစ္စရေးမီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတုန်းက ဂါဇာကမ်းမြောင်ဒေသက တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်တဲ့အဆင့်ဟာ ပြီးဆုံးခါနီးပြီလို့ သူက ပြောခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေပြီး လူသေဆုံးမှုအရေအတွက် ဆက်လက်မြင့်တက်နေပါတယ်။

အစ္စရေးက သိမ်းပိုက်ထားတဲ့ West Bank မှာ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသားတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးနဲ့ အိမ်နီးချင်း လက်ဘနွန်မှာရှိတဲ့ ရှီယာစစ်သွေးကြွအဖွဲ့ ဟဇ်ဘိုလာအကြား ပဋိပက္ခတွေဟာလည်း မကြာသေးခင် သီတင်းပတ်တွေအတွင်း ပြင်းထန်လာနေပြီး တင်းမာမှုတွေကို ပိုပြီးမြင့်တက်စေနေပါတယ်။