ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားက တိုးမြှင့်ထိုးစစ်ဆင်နေပြီး ကလေးသူငယ် သေဆုံးမှု မြင့်တက်လာနေ

ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသက ရွာနှစ်ရွာကို သူတို့တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အဲဒီရွာတွေဟာ Spirne နဲ့ Novoooleksandrivka တို့ဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ Donetsk ဒေသအုပ်ချုပ်ရေးမှူးက စနေနေ့မှာ ရုရှားရဲ့တိုက်ခိုက်မှုအတွင်း ဒီဒေသထဲမှာ လူ ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားအစိုးရဟာ Donetsk ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုနေကြပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ရှေ့ကိုဆက်ပြီး တိုးလာမယ်လို့ မျှော်လင့်ရပါတယ်။

ရုရှားက ထိုးစစ်ကို အရှိန်မြှင့်လာတဲ့အကြား ယူကရိန်းမှာ သေဆုံးဒဏ်ရာရတဲ့ ကလေးသူငယ်အရေအတွက် မြင့်တက်လာနေပါတယ်။

ယူကရိန်းအပေါ် ရုရှားက စတင်ကျူးကျော်ခဲ့တဲ့အချိန်ကစပြီး ကလေး ၅၅၄ ဦး သေဆုံးပြီး ၁,၄၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေးအရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ၅၅၀ ဟာ ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသကဖြစ်ပြီး ၃၉၉ ဦးဟာ အရှေ့ပိုင်းကပဲဖြစ်တဲ့ Kharkiv ဒေသက ဖြစ်ပါတယ်။

ယူကရိန်း တောင်ပိုင်း Zaporizhzhia ဒေသမှာ စနေနေ့က နောက်ထပ် ရုရှားရဲ့တိုက်ခိုက်မှုတစ်ခုအတွင်း ကလေး ၃ ဦး သေဆုံးခဲ့တယ်လို့ အဲဒီ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။