Noto ငလျင်လှုပ်ပြီး ၆ လအကြာ သဘာဝဘေးဒဏ်နောက်ပိုင်း စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် သေဆုံးမှုတွေအတွက် ပိုမိုစိုးရိမ်ရ

ဂျပန်နိုင်ငံအလယ်ပိုင်း Ishikawa ခရိုင်နဲ့ အနီးတစ်ဝိုက်ရှိ Noto ကျွန်းဆွယ်မှာ ငလျင်ကြီးတစ်ခု လှုပ်ခဲ့တာ တနင်္လာနေ့မှာ ၆ လ ပြည့်မြောက်ပြီဖြစ်ပါတယ်။ သဘာဝဘေးဒဏ်လွန်ကြောင့် သေဆုံးတဲ့အရေအတွက် တိုးလာနိုင်ပါတယ်။

မဂ္ဂနီကျုဒ် ၇.၆ ရှိ ငလျင်ကြောင့် ခရိုင်တွင်းမှာ လူ ၂၈၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ အပါအဝင် သဘာဝဘေးဒဏ်နောက်ပိုင်း နာမကျန်းဖြစ်ပြီးသေဆုံးသွားတဲ့သူ ၅၂ ဦး ပါဝင်ပါတယ်။

ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အများအပြားဟာ ယာယီအိမ်ရာ ဒါမှမဟုတ် တခြားခိုလှုံရာနေရာတွေမှာ နေထိုင်ရုံမှတပါး တခြားရွေးချယ်စရာမရှိတဲ့အတွက် အဲဒီလို အကြောင်းရင်းတွေကြောင့် သေဆုံးရမှာကို ပိုမိုစိုးရိမ်ရပါတယ်။

နေထိုင်မှုဘဝပုံစံကို စောင့်ကြည့်တာနဲ့ ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုတွေလိုမျိုး စေ့စပ်တဲ့ ပံ့ပိုးကူညီမှုတွေပေးနိုင်ရေး ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပုဂ္ဂလိကနယ်ပယ်က အုပ်စုတွေကို ကျွမ်းကျင်သူတွေက တိုက်တွန်းနေပါတယ်။

ငလျင်ဘေးသင့်ဒေသတွေက အဆောက်အဦ ၂၂,၀၀၀ ကို ဖြိုဖျက်ဖို့ လိုအပ်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပြီး ပိုင်ရှင်တွေကိုယ်စား ဒေသန္တရစည်ပင်သာယာရေးအဖွဲ့တွေက အပျက်အစီးတွေကို ရှင်းလင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်ဟာ ၄ ​​ရာခိုင်နှုန်းလောက် ဒါမှမဟုတ် အကြမ်းဖျင်းအားဖြင့် ၉၀၀ လောက်ပဲ ပြီးစီးပါသေးတယ်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေကို ပြုပြင်ပေးဖို့ ကြီးမားလှတဲ့တောင်းဆိုမှု တွေကို အိမ်ရာပြုပြင်သူတွေ ကြုံနေရပါတယ်။