စစ်ပွဲအဆုံးသတ်ရေး ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို အခုနှစ်မကုန်မီ ရေးဆွဲမယ်လို့ ယူကရိန်းသမ္မတ ဆို

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်မယ့် အစီအစဉ်ကို အခုနှစ် မကုန်ခင်မှာ ပြင်ဆင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သမ္မတ Zelenskyy က "ကမ္ဘာ့နိုင်ငံအများစုက ထောက်ခံအားပေးမယ့် စစ်ပွဲအဆုံးသတ်မှုအစီစဉ်ကို တင်ပြနိုင်ဖို့ဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတယ်" လို့ Kyiv မြို့မှာ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအစီအစဥ်အတွက် ပြင်ဆင်နေချိန်အတွင်း ရုရှားရဲ့ ရန်လိုမှုကို အင်အားသုံးတွန်းလှန်ဖို့ကလည်း အရေးကြီးကြောင်း သမ္မတ Zelenskyy က အလေးပေးပြောကြားခဲ့ပါတယ်။

စစ်မြေပြင်မှာ အင်အားကောင်းဖို့နဲ့ ရှင်းလင်းပြီး အသေးစိတ်ကျတဲ့ အစီအစဥ်တစ်ရပ် ရေးဆွဲဖို့ကို ပြိုင်တူ လုပ်ဆောင်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

သမ္မတ Zelenskyy ဟာ အသေးစိတ်အချက်အလက်တွေကို ပြောဆိုခဲ့ခြင်း မရှိပါဘူး။ အဲဒီ အစီအစဉ်ကြောင့် နိုင်ငံတကာခေါင်းဆောင်တွေရဲ့ အနာဂတ်အစည်းအဝေးတွေမှာ ယူကရိန်းငြိမ်းချမ်းရေးရရှိရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးလာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။

တစ်ဖက်မှာတော့ ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်လိုတယ်ဆိုရင် ရုရှားက တစ်ဖက်သတ်သွတ်သွင်းထားတဲ့ ဒေသ ၄ ခုကနေ ယူကရိန်းတပ်ဖွဲ့တွေ ထွက်ခွာရမယ်လို့ ရုရှားက တောင်းဆိုနေပါတယ်။