Noto ဒေသမှာ ငလျင်လှုပ်ပြီး ခြောက်လကြာခဲ့ပေမဲ့ ဖုန်းကွန်ရက်တွေ ပြန်ပြင်နိုင်ဖို့ ရုန်းကန်နေရဆဲ

နှစ်ဆန်းတစ်ရက်နေ့က ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် Noto ကျွန်းဆွယ်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး တနင်္လာနေ့ဆိုရင် ခြောက်လပြည့်ပြီ ဖြစ်ပါတယ်။

ငလျင်ကြောင့် ဧရိယာအများအပြားမှာ မိုဘိုင်းဖုန်းကွန်ရက်တွေ ပြတ်တောက်သွားခဲ့ပါတယ်။ ဆက်သွယ်ရေးလိုင်းပေါင်း ၆၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားခဲ့ပြီး အရင်က ဘေးအန္တရာယ်တွေတုန်းက ပျက်စီးခဲ့တာထက် ပိုမိုဆိုးဝါးပါတယ်။

အဲဒီငလျင်ကြောင့် နိုင်ငံအလယ်ပိုင်း Ishikawa ခရိုင်က ဧရိယာ ၂၄ ခုမှာ လူ ၃,၃၀၀ ကျော်ဟာ အဆက်အသွယ်ပြတ်တောက်နေခဲ့ပါတယ်။

Wajima မြို့ တောင်တန်းဒေသက ရပ်ရွာခေါင်းဆောင် Yamashita Tomotaka က မြေပြိုမှုကြောင့် မြို့ဝင်လမ်း သုံးလမ်းစလုံး ပိတ်မိနေခဲ့တယ်လို့ ပြောပါတယ်။

ငလျင်လှုပ်ပြီးပြီးချင်း မိုဘိုင်းဖုန်းတွေရော ကြိုးဖုန်းတွေပါ သုံးမရတော့ဘူးလို့ သူက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ မြို့အာဏာပိုင်တွေနဲ့ တခြားသူတွေဆီကို အကူအညီမတောင်းနိုင်ခဲ့ပါဘူး။

မစ္စတာ Yamashita က "လူနာတင်ကားခေါ်ဖို့တောင် မဖြစ်နိုင်ခဲ့ပါဘူး။ ဆက်သွယ်မှု လုံးဝ ပြတ်တောက်သွားတာဟာ လူတွေကို အင်မတန် အခက်တွေ့စေပါတယ်" လို့ ပြောပါတယ်။

ငလျင်လှုပ်ပြီး ခြောက်ရက်အကြာမှာ ဒေသခံတွေဟာ နောက်ဆုံးမှာတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြန်လုပ်နိုင်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီး ဆယ်ရက်အကြာမှာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်တွေ ရောက်လာခဲ့ပြီး ဒေသခံ ၃၀ လောက်ကို ပိုပြီး ဘေးကင်းလုံခြုံတဲ့ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ခရိုင်တွင်း တခြားဧရိယာက ပြည်သူတွေဟာလည်း အလားတူ ဒုက္ခမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စစ်တမ်းတစ်ခုအရ မြေပြိုမှုနဲ့ တခြား ပြဿနာတွေကြောင့် ဆက်သွယ်ရေးလိုင်း ၅၇ ရာခိုင်နှုန်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ် ဂျပန်အရှေ့မြောက်ပိုင်း ငလျင်နဲ့ ဆူနာမီဖြစ်ခဲ့ချိန်ကထက် ပိုဆိုးပါတယ်။

မိုဘိုင်းဖုန်းနဲ့ အင်တာနက်တွေ ပြန်မရမချင်း Starlink ခေါ် အမေရိကန်ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီရဲ့ ကွန်ရက်ကို တိမ်းရှောင်ရေးစင်တာတွေနဲ့ တခြားနေရာတွေမှာ အသုံးပြုနိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဆက်သွယ်ရေးလိုင်းကို လက်ခံဖမ်းယူတဲ့ အင်တင်နာအပါအဝင် ကိရိယာပေါင်း ၆၀၀ ကျော်ကို အဲဒီကုမ္ပဏီနဲ့ ဂျပန်အစိုးရရဲ့ ငှားပေးခဲ့ပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနဟာ ဆက်သွယ်ရေးလိုင်း အခြေစိုက်စခန်းတွေမှာ အရေးပေါ် ဓာတ်အားပေးအရင်းအမြစ်စနစ်ကို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ဝန်ကြီးဌာနဟာ လျှပ်စစ်မီးကြိုးတွေ ပျက်စီးသွားခဲ့ရင် အဲဒီလို စခန်းတွေအကြား ဂြိုဟ်တုဆက်သွယ်မှု ဆက်ရှိနေအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။

သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အခါ ဒေသခံတွေအနေနဲ့ ပုံမှန် အပြန်အလှန် ဆက်သွယ်နိုင်မယ့် စနစ်တစ်ခုကိုလည်း ဝန်ကြီးဌာနက ဖန်တီးနေပါတယ်။