ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး

ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ လတ်တလော ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

စနေနေ့က ပြီးဆုံးခဲ့တဲ့ သုံးရက်ကြာ Freedom Edge စစ်ရေးလေ့ကျင့်မှုကို အရှေ့တရုတ်ပင်လယ်နဲ့ တခြားနေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။

ပင်လယ်ပြင်မှာ ဒုံးကျည်ကာကွယ်ရေးစစ်ဆင်မှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုကို တုံ့ပြန်တာအပါအဝင် စစ်ရေးလေ့ကျင့်မှု ခုနစ်မျိုး ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ပေါ်ကနေ MH-60 ရဟတ်ယာဉ်တွေနဲ့ FA-18 တိုက်လေယာဉ်တွေ ပျံတက်ပျံဆင်းလုပ်နေတဲ့ ဓာတ်ပုံတွေကို အမေရိကန်ရေတပ်က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သုံးနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့နဲ့ ကြိုတင်ဟန့်တားကာကွယ်မှုစွမ်းအားတွေကို တိုးမြှင့်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

သုံးနိုင်ငံတပ်ဖွဲ့တွေဟာ ဆိုးရွားတဲ့ရာသီဥတုအခြေအနေအောက်မှာ စစ်ရေးလေ့ကျင့်မှုကို ပြီးမြောက်နိုင်ခဲ့ပြီး သူတို့သုံးနိုင်ငံအနေနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ခိုင်မာတဲ့ဆန္ဒရှိကြောင်း ပြသခဲ့တယ်လို့လည်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက အဲဒီစစ်ရေးလေ့ကျင့်မှုကို ဝေဖန်ရှုတ်ချခဲ့ပြီးနောက် အဲဒီစစ်ရေးလေ့ကျင့်မှုကို အကြောင်းပြုပြီး မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တာ ဒါမှမဟုတ် တခြား ရန်စတဲ့ လုပ်ရပ်တွေကို လုပ်နိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာနေပါတယ်။